ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သားတွေရဲ့ လုံခြုံရေးကို အထူးအာမခံပေးမှာ ဖြစ်ပြီး ပြည်သူတွေက ပံ့ပိုးထားတဲ့ ဆုတော်ငွေတွေ ချီးမြှင့်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ကြေညာပါတယ်။
KNDF ဟာ စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီ အောက်ခြေတပ်မတော်သားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ စတဲ့ မလိုလားအပ်တဲ့ ပေးဆပ် ဆုံးရှုံးတာတွေ တွေ့နေရတယ်လို့ မနေ့က ထုတ်ပြန်လိုက်တာပါ။
မြန်မာပြည်တွင်း စစ်သမိုင်းတလျှောက်မှာ ဗိုလ်ချုပ်တွေနဲ့ စစ်အုပ်စုတွေဟာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အောက်ခြေတပ်မတော်သားတွေရဲ့ သွေး၊ ချွေးတွေကို ဖြုန်းတီးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အောက်ခြေ တပ်မတော်သားတွေအနေနဲ့ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်မှာ ဆက်လက် တာဝန်မထမ်းဆောင်တော့ဘဲ ပြည်သူနဲ့ လာရောက်ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ အတူတွန်းလှန်ကြဖို့ KNDF က ဖိတ်ခေါ်ထားပါတယ်။
ဒီလို ပူးပေါင်းလာတဲ့ စစ်သားတွေကို လက်ခံပေးဖို့ CDM စစ်သားတွေကို ကူညီပေးနေတဲ့ ပြည်သူ့စစ်သားများအဖွဲ့နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ CDM စစ်သားတွေကို ဌာနတခုဖွင့်လှစ် စိစစ်ပေးဖို့လည်း ပြည်သူ့စစ်သားများအဖွဲ့က တိုက်တွန်းထားပါတယ်။