ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်)နေ ဒေသခံ တွေဟာ စစ်ကောင်စီရဲ့ လေတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲမှာကို စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ကေအန်ယူက ဩဂုတ် ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အခုရက်ပိုင်းအတွင်း KNU/KNLA တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီရဲ့တပ်တွေ အင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာတဲ့အပြင် လေယာဉ်တွေ နေ့စဉ်ပျံသန်း ကင်းထောက်နေတာတွေရှိနေတဲ့အတွက် လေကြောင်း တိုက်ခိုက်မှာကို စိုးရိမ်ထိတ်လန့်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတာပါ။
သြဂုတ် ၁၇ ရက်မှ ၂၀ ရက်အထိ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းကို အင်အားဖြည့်တင်းပြီး နယ်မြေတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်နဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားရာမှာ တိုက်ပွဲပေါင်း အကြိမ် ၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးကျဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က နယ်ကျော်လှုပ်ရှားသွားလာရာမှာ ဒေသခံတွေရဲ့ လယ်၊ လယ်ကွင်းနဲ့ ဥယျာဉ်ခြံမြေအတွင်း လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်တာတွေ ရှိပါတယ်။
သြဂုတ် ၁ ရက်ကစပြီး စစ်ကောင်စီတပ်တွေ ပိုမိုလုပ်ရှားလာတဲ့အပြင် စစ်လက်နက်ပစ္စည်းနဲ့ အင်အားဆက်လက်ပို့ဆောင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြီး ပိုမို ပြင်းထန်လာနိုင်တယ်လို့ KNU/KNLA တပ်မဟာ- ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
သြဂုတ် ၁ ရက်မှ ၁၅ ရက်အထိ KNU/KNLA တပ်မဟာ- ၅ ထိန်းချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲပေါင်း ၅၆ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူသတင်းဌာနက သြဂုတ် ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။