ရှမ်းပြည်တောင်ပိုင်းရှိမြို့နယ်တွေမှာ ဩဂုတ်လ ၁၉ ရက်က ပြည်သူပေါင်း ၆၉၈ ယောက်ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးရာမှာ ၄၃၈ ယောက် ရောဂါ ကူးစက်ခံထားရတယ်လို့ တောင်ကြီးပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနက ထုတ်ပြန်ထားပါတယ်။
ကူးစက်ခံထားရသူ ၄၃၈ ဦးကတော့ တောင်ကြီးမြို့နယ်က အများဆုံး ၂၉၄ ဦး၊ ဟိုပုံးမြို့နယ်က ၆၂ ဦး၊ ညောင်ရွှေ ၂၆ ဦး၊ ရွာငံ ၂၁ ဦး၊ ပင်းတယ ၁၇ ဦး၊ မောက်မယ် ၂ ဦး၊ ပင်လောင်း ၆ ဦး၊ စဝ်စံထွန်းဆေးရုံကြီးမှ ၂၂ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ နေ့စဉ်တိုးလာနေပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၉ ရက်ထုတ်ပြန်ချက်အရ ဩဂုတ် ၁၈ ရက်နေ့မှာ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၈၇၈ ဦးရှိပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်က ၈၂၈ ဦး သေဆုံး ၉ ဦးနဲ့ တနိုင်ငံလုံးမှာ အများဆုံးဖြစ်နေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ၊ ၁၅ ၊ ၁၄၊ ၁၃ နဲ့ ၁၁ ရက်နေ့တွေကလည်း ရှမ်းပြည်နယ်က ပိုးတွေ့သူအများဆုံးစာရင်းထဲ ပါဝင်နေပါတယ်။
ကိုဗစ် တတိယလှိုင်းအတွင်း ဇူလိုင်လ ၁ ရက်မှ ဩဂုတ် ၁၈ ရက်အထိ ရှမ်းပြည်နယ်မှာ ကိုဗစ်- ၁၉ ကူးစက်ခံရသူ အနည်းဆုံး ၂၁၀၀၅ ဦးရှိပြီး ၅၀၂ ဦးရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။ လက်ရှိ ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လောက်ကိုင်၊ နောင်ချို၊ သီပေါ၊ မူဆယ်၊ ညောင်ရွှေ၊ ရပ်စောက်၊ အောင်ပန်း စတဲ့မြို့နယ်တွေကို Stay at Home အိမ်တွင်သာနေထိုင်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။