ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ သြဂုတ် ၁၉ ရက် ညနေပိုင်းက နယ်ထိန်း ရဲဒုတပ်ကြပ် ၁ ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ စျေးကုန်းနားက ဘောလုံးကွင်းနားမှာ အပိုင်နယ်ထိန်း ရဲဒုတပ်ကြပ် ဝင်းမြင့် ရှိနေချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြော ပါတယ်။
"သေနတ်သံတော့ ကြားလိုက်တယ် အချက်ရေတော့ အတည်အကျမသိဘူး။ သေသွားတာတော့ နယ်ထိန်း ရဲ လို့ သိရတယ်။ ခုတော့ ဆေးရုံကို ခေါ်သွားပြီ''လို့ ဒေသခံတဦးက ပြောပါတယ်။
နယ်ထိန်း ရဲဒုတပ်ကြပ် ဝင်းမြင့်ဟာ သေနတ်နဲ့ လေးချက်လောက်အပစ်ခံရပြီး ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးခဲ့ကာ ဖားကန့်မြို့ ဆေးရုံကို ချက်ချင်းလာရောက် သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာအတွင်း စစ်သားတွေနဲ့ ရဲတွေက လမ်းသွား လမ်းလာတွေကို ပိတ်ဆို့စစ်ဆေးနေပါတယ်။