ကချင်ပြည်နယ် ရွှေကူမြို့မှာ ကိုဗစ်-၁၉ ပိုး ကူးစက်ခံရသူ မြင့်တက်လာပြီး သြဂုတ် ၁၉ ရက် မနက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ လူ ၃ ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြီး သေဆုံးလူနာ ၄၃ ဦး ထိရှိလာပြီး ဒီနေ့ တစ်ရက်တည်း ၃ ဦး ဆက်တိုက်သေဆုံးခဲ့တာပါ။
“ဒီနေ့မနက် ၉ နာရီအတွင်း ၃ ဦး သေဆုံးတယ်။ စောစောစီးစီးသေတာ၊ အရင်နေ့တွေက အဲဒီလို့ ဆက်တိုက်သေဆုံးတာမရှိဘူး၊ ရောဂါကူးစက်ခံရတာလည်း ပိုများလာနေတယ်” လို့ ဒေသခံ ပရဟိတသမားတဦးက ပြောပါတယ်။
ရွှေကူမြို့နယ်မှာ ကိုဗစ်- ၁၉ တတိယလှိုင်းကာလ ပိုးတွေ့လူနာပေါင်း ၉၀၀ ကျော်ရှိကာ သေဆုံးသူ ၄၃ ဦး ရှိလာပြီလို့ လူမူကူညီရေးပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်က စတင်ကာ stay at home မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။