မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်က အလုပ်အမှုဆောင်တယောက်နဲ့ မြို့နယ်တပ်ဖွဲ့မှူးတွေ အပါအဝင် ၄ ယောက်ဟာ ကိုဗစ် တတိယလှိုင်းမှာ ကိုဗစ်လူနာတွေကို ကူညီပေးရင်း ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်ခဲ့တယ်လို့ ကြက်ခြေနီအသင်းကထုတ်ပြန်ပါတယ်။
ရန်ကုန်၊ ကျောက်တံတားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းနိုင်၊ လှိုင်သာယာမြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းဝေ၊ မိုးကုတ်မြို့နယ်က တပ်စုမှူး ဒေါ်စိန်စိန်နွဲ့တို့ အများကိုကူညီပေးရင်းကွယ်လွန်သွားခဲ့သလို အသင်းဌာနချုပ်က အချိန်ပြည့် အလုပ်အမှုဆောင် (ဘဏ္ဍာရေး) ဒေါ်ကြူကြူဝင်းဟာလည်း ဒီ တတိယလှိုင်းမှာ ရောဂါကူးစက်ခံရပြီး ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်တတိယလှိုင်းဟာ အရင်လှိုင်းတွေထက် ဆုံးရှုံးမှုများခဲ့ပြီး နိုင်ငံရဲ့ ဒေသအသီးသီးက ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ကိုဗစ်လူနာတွေ အောက်စီဂျင်ရဖို့၊ ဆေးရုံပို့ဆောင်ဖို့၊ အရေးပေါ်မွေးလူနာပို့ဖို့၊ ကွာရန်တင်းစင်တာတွေမှာလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်ပေးဖို့၊ ကာကွယ်ဆေးထိုးနှံမယ့် ဘိုးဘွားတွေကို စောင့်ရှောက်ဖို့၊ စာရင်းမှတ်တမ်းပြုစုဖို့ စတဲ့ လိုအပ်တာတွေကို အလှည့်ကျ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ထမ်းတိုင်းဟာ တာဝန်ယူထားတဲ့ အလုပ် လိုအပ်ချက်တွေပြည့်ဖို့ နေ့စဉ်နားရက်မရှိ ကြိုးစားဆောင်ရွက်ပေးရင်း တချို့ စေတနာလုပ်အားရှင်တွေနဲ့ ဝန်ထမ်းတွေ ရောဂါကူးစက်ခံခဲ့ရတယ်လို့လည်း အသင်းက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မဟုတ်တဲ့ တခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှာ ကြက်ခြေနီတာဝန် ထမ်းဆောင် ရင်း ထိခိုက်ခံစားခဲ့ကြရသူတွေ အသက်ဆုံးရှုံးခဲ့ရသူတွေ ကြက်ခြေနီသမိုင်း ခေတ်အဆက်ဆက်မှာ ရှိနေပြီး ဒီလိုထိခိုက်ဆုံးရှုံးခဲ့ကြရတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေနဲ့ ဝန်ထမ်းတွေ အားလုံးကို အထူးအလေးထား လေးစား ဂုဏ်ယူတယ်လို့ ကြက်ခြေနီအသင်းက ထုတ်ပြန်ပါတယ်။
ကြက်ခြေနီကို ချစ်မြတ်နိုးတဲ့ ကြက်ခြေနီလှုပ်ရှားမှုတိုင်းကို တန်ဖိုးထား စွန့်လွှတ် ပါဝင်ဆောင်ရွက်ပေးနေကြတဲ့ နိုင်ငံရဲ့နေရာဒေသ အသီးသီးက ကြက်ခြေနီ တစ်ဦးတစ်ယောက်တိုင်းကို အမှတ်ရ လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ လည်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Photo-Myanmar Red Cross