‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ် ဒေသဖြစ်တဲ့ ‘ဝ’ဒေသရဲ့ မြို့တော် ပန်ဆန်းမှာ လော့ဒေါင်းချပြီး အသွားအလာ ကန့်သတ်ဖို့ စီစဉ်နေတယ်လို့ UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရမ်းက ပြောပါတယ်။
ပန်ဆန်းမြို့ကို လော့ဒေါင်းချမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး ‘ဝ’ ဒေသပိုင် သတင်းဌာန - WSTV ကနေ မကြာခင်ကြေညာပေးသွားမယ်လို့လည်း ဦးညီရမ်းက ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ဖို့ လော့ဒေါင်းချပြီး အသွားအလာထိန်းချုပ်တာမျိုး ဖြစ်နိုင်တယ်လို့ ပန်ဆန်းမြို့မှာ နေထိုင်တဲ့သူတွေက ပြောဆိုနေကြပြီး မြို့တွင်းမှာ စားသောက်စရာ ဝယ်ယူသူတွေများပြားနေပါတယ်။
“မြို့ထဲမှာ စားသောက်ကုန်တွေ ထွက်ဝယ်နေတဲ့သူတွေအများကြီးပဲ။ တချို့စားသောက်ကုန်တွေ ဈေးတက်နေတာလည်းရှိတယ်။ အခြေအနေကို အတိအကျမသိရတော့ လူတွေလည်း စိုးရိမ်နေကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
‘ဝ’ဒေသမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံအကူအညီနဲ့ လူတိုင်းနီးပါးကို ထိုးနှံ့ပေးနေပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။
ပန်ဆန်းမြို့ရဲ့ လော့ဒေါင်းကာလကို ဩဂုတ် ၁၈ရက်က စတင်ပြီး စက်တင်ဘာလ ၁၇ရက်အထိ တစ်လကြာမြင့်မယ်လို့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပေမဲ့ အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း ပန်ဆန်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှု များပြားလာတာကြောင့် လော့ဒေါင်းချခဲ့ပါသေးတယ်။