မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာမှ ဓမင်းဆိပ်ရေတံခွန်သွားလမ်းက ဖယ်ဝီး ဘုန်းကြီးကျောင်းနားမှာ သြဂုတ် ၁၆ ရက်နေ့ ည ၆ နာရီလောက်က ပျူစောထီး အဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သူ့ရဲ့ ခြံကိုသွားရောက်ချိန်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရရှိတဲ့ ဒဏ်ရာနဲ့ ရေးဆေးရုံရောက်ပြီးမှ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အစင်စံပြကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးကိုကိုဟာ ကျေးရွာကပြည်သူ့စစ်လည်း ဖြစ်သလို ပျူစောထီးအဖွဲ့ဝင်တဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာပြီး အဆိုပါ သေဆုံးသူတွေထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ နယ်မြေခံ အမြောက်တပ်က အရာရှိတဦးလည်း ပါဝင်ပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပြောက်ကျားစစ်ဆင်ရေး အခုရက်ပိုင်းကနေ စတင် သွားမှာဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက်အဖွဲ့ကို ဒေါက်တိုင်ပေးနေတဲ့ မည်သူမဆို သတိထားကြပါ၊ ပြည်သူနဲ့ ပူးပေါင်းပေးကြပါ၊ စစ်သားနဲ့ ရဲ CDM လုပ်ကြပါလို့ သတိပေး ပြောဆိုထားပါတယ်။