စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပဲခူးမြို့က အန်အယ်လ်ဒီပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေဟာ ဩဂုတ် ၁၆ ရက် ဒီမနက် ၆နာရီလောက်က ပဲခူးမြို့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
လွန်ခဲ့တဲ့ သီတင်း ၂ ပတ်လောက်ကတည်းက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကြောင့် ကလိနားက ကုသရေးစင်တာမှာ တက်ရောက်ဆေးကုသခံခဲ့ရတာပါ။
ဦးညွှန့်ရွှေနဲ့အတူ ပဲခူးတိုင်း စည်ပင်ဝန်ကြီးဟောင်း ဒေါက်တာစောညိုဝင်းနဲ့ ပရဟိတလုပ်ငန်းတွေမှာ ဦးဆောင်တဲ့ ဒေါက်တာနေမျိုးတို့ ၃ ဦးဟာ စစ်ကောင်စီက ဖမ်းဆီးထားစဉ်အတွင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာကြောင့် ဩဂုတ် အစပိုင်းကတည်းက ကလိကုသရေးစင်တာမှာ တက်ရောက်ခဲ့ရတယ်လို့ သူ့နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“ကလိမှာ ကုပြီးတော့ ဒေါက်တာစောညိုဝင်းနဲ့ ဦးညွန့်ရွှေကို ပဲခူးဆေးရုံကို ပြန်ပြောင်းပြီး ကြပ်မတ်ကုသတယ်။ ဒေါက်တာစောညိုဝင်းကတော့ သက်သာတော့ ပြန်ဆင်းသွားရပြီ။ အခု ဦးညွန့်ရွှေ ဆုံးတာပေါ့နော်။ ဒေါက်တာနေမျိုးလည်း ကလိ မှာ ကုသနေရသေးတယ်”
ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်(၁) ဦးညွန့်ရွှေကို ဖေဖော်ဝါရီလအတွင်းက ပဲခူးမြို့ဆန္ဒပြပွဲ တစ်ခုမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုကာ ကျိုက်ဇကော အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။
ဦးညွန့်ရွှေဟာ ပဲခူးမြို့ ပြည်သူလူထုအကျိုးကို ဆောင်ရွက်ခဲ့တဲ့လူဖြစ်တဲ့အတွက် အခုလို သေဆုံးသွားတာ နှမြောတသဖြစ်ရတယ်လို့ ပဲခူးမြို့နေ ပြည်သူတွေက ပြောပါတယ်။