စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သွေးကင်ဆာရောဂါဝေဒနာရှင် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းက သိရပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးဆေးရုံကြီးမှာ အောက်ဆီဂျင်ပေးထားရပြီး ရောဂါအခံရှိသူဖြစ်တာကြောင့် စိုးရိမ်ရတယ်လို့ ဆေးရုံအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ ဖမ်းဆီးမခံရခင်ကတည်းက သွေးကင်ဆာရောဂါနဲ့ ပုံမှန် ဆေးသွင်းနေရသူဖြစ်ပြီး အကျဉ်းထောင်ဆေးခန်းမှာ ဆေးကုသရာ မသက်သာတဲ့အတွက် ဇူလိုင်လ ၆ ရက် ညပိုင်းက မန္တလေးဆေးရုံကြီးလွှဲပြောင်းခဲ့ကာ ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) တို့နဲ့ တရားစွဲဆိုထားကာ တရားလိုနဲ့ တရားလိုပြသက်သေတွေ စစ်ဆေးပြီးဖြစ်တာကြောင့် စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပဲ စွဲချက်တင် ဖမ်းဆီးထားတာဖြစ်ပါတယ်။