ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့မှာ သြဂုတ် ၇ ရက်က အချုပ်သား ၈၀ အပါအဝင် ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ပရဟိတ အသင်းတစ်ခုက သိရပါတယ်။
အချုပ်သား ၈၄ ဦးရှိရာ ၄ ဦးက ထိုးပြီးသားဖြစ်တာကြောင့် ကျန်နေတဲ့ အယောက် ၈၀ နဲ့ စာရင်းကောက်ခံထားတဲ့ ပြည်သူတွေကို ထိုးပေးခဲ့တယ်လို့ဆိုပါတယ်။
ပရဟိတအသင်းတခုရဲ့ တာဝန်ရှိသူတဦးက “ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးတာက အာဏာမသိမ်းခင်ကနေ ထိုးပေးနေတာ။ ခုကသက်ကြီးရွယ်အိုတွေ၊ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ၊ စျေးရောင်းစျေးဝယ်တွေနဲ့ စာရင်းကောက်ထားတဲ့သူတွေကို ထိုးပေးနေတယ်” လို့ ပြောပါတယ်။
မိုးမိတ်မြို့မှာ ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ ၃၀၀၀ ကျော်ရှိနေပြီး တရုတ်က ထုတ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုထိုးပေးနေတာဖြစ်ကာ ပထမအကြိမ်က လာရောက်ထိုးသူ နည်းခဲ့ပြီး အခုချိန်မှာတော့ ထိုးချင်သူများနေပြီး စာရင်းကောက်ဆောင်ရွက်နေရတယ်လို့သိရပါတယ်။
မိုးမိတ်မြို့မှာ တတိယကိုဗစ်ကာလအတွင်း သြဂုတ် ၇ ရက်အထိ ကိုဗစ် ပိုးတွေ့လူနာ ၂၀၀ ကျော်ရှိလာပြီဖြစ်ပြီး သေဆုံးသူ ၁၁ ဦးထိရှိလာပြီလို့ သိရပါတယ်။