မန္တလေး ကျောက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ဟာ သြဂုတ် ၇ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဦးကျော်ထင်အောင် ဆိုင်ကယ်စီးနေချိန် သေမင်းမှတ်တမ်းအဖွဲ့သားတွေက နောက်ကနေ သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာကြောင့် လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်းနားမှာ လဲကျသွားပြီး အပစ်ခံရတဲ့နေရာမှာ ရဲနဲ့စစ်သားတွေက စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သေမင်းမှတ်တမ်းအဖွဲ့ဝင်တဦးက "စစ်အာဏာရှင်ယန္တရားလည်ပတ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့သူ၊ အကြမ်းဖက် စစ်အုပ်စုရဲ့ ကာကွယ်မှုအောက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ဆန္ဒပြလှုပ်ရှားတဲ့ လူငယ်တွေအကြောင်း သတင်းပေးဒလန်လုပ်လို့ ကလေး ၂ယောက် အဖမ်းခံလိုက်ရတယ်။ သူက ကျောက်ဆည်မှာ ဒလန်အကြီးစားပဲ။ ကျနော်တို့က ဒလန်ရှင်းတယ်ဆိုတာ သေချာမှ လုပ်ရတာ။ ကာလရှည် သူ့လုပ်ရပ်ကို စောင့်ကြည့်ပြီးမှ လုပ်ရတာဖြစ်လို့ ပြည်သူအနေနဲ့ အငြင်းပွားစရာ မရှိပါဘူး။ အပြစ်မရှိတဲ့ ပြည်သူတစ်ဦးတစ်ယောက်ကိုလည်း ဘယ်တော့မှ အဆုံးရှုံးမခံဘူး” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတဲ့ အခြား အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ပြည်သူနဲ့အတူ ရပ်တည်ပြီး နုတ်ထွက်ကြဖို့ သေမင်းမှတ်တမ်းအဖွဲ့က တိုက်တွန်းထားပါတယ်။
ကျောက်ဆည်မြို့ပေါ်က အုပ်ချုပ်ရေးမှူးတစ်ယောက် အခုလို ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီဘက်က ကျောက်ဆည်မြို့ ဂိတ်အဝင်အထွက်တွေမှာ လာသမျှ ဆိုင်ကယ်နဲ့ ကားတွေကို လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။