မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ပညာရေးမှူးရုံးရှေ့နားမှာ ဩဂုတ် ၅ ရက် ညနေ ၄ နာရီလောက်က ဆေးဝယ်ဖို့သွားတဲ့ ပြည်သူတစ်ယောက်ကို စစ်သားတစ်ယောက်က အရက်မူးပြီး အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံမျက်မြင်တစ်ဦးက ပြောပါတယ်။
“ပညာရေးမှူးရုံးရှေ့ဝါးတားဂိတ်မှာ မနေ့ ညနေ ၄ နာရီလောက်က ပြည်သူတစ်ဦးက ဆေးဝယ်ဖို့ သွားချင်တာကို အဲဒီစစ်သားက မသွားရဘူးလို့တားတယ်။ ဆေးဝယ်သွားမယ့်သူက ဝင်ထွက်ကတ်လည်းပါတယ်။ တကယ်လည်းဆေးသွားဝယ်မှာပါလို့ ရှင်းပြနေတာကို သူပြောတာ နားမထောင်ရကောင်းလားဆိုပြီး သေနတ်နဲ့ပစ်တာ။ လူကို မမှန်လို့ တော်သေးတာပေါ့။ အဲဒီလို ဖြစ်ပြီး သိပ်မကြာဘူး အဲဒီစစ်သားကို စစ်ကားနဲ့လာခေါ်သွားတာပဲ”လို့ ဒေသခံက ပြောပါတယ်။
အရက်မူးနေတဲ့ စစ်သားဟာ အသက် ၅၀ ကျော်ဝန်းကျင်ရှိကာ တောင်တွင်းကြီးက အမှတ် ၁၀၃ ခြေမြန်တပ်ရင်းက ဖြစ်တယ်လို့ သိရပါတယ်။
နီးစပ်သူတစ်ဦးက ''အဲဒီစစ်သားပဲ မူးပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း ဆေးခန်းပြ သွားမယ့်သူတွေကို မသွားရဘူးတားပြီး ပိုက်ဆံတောင်းတာ ၃၀၀၀ ပေးမှ လွှတ်ပေးလိုက်တယ်။ တချို့နေ့တွေမှာဆို လမ်းသွားလမ်းလာပြည်သူတွေ မကြားဝံ့မနာသာ ကြမ်းကြမ်းတမ်းတမ်း ဆဲနေတာ။ အရက်နံ့တထောင်းထောင်းနဲ့ အမြဲလိုလို မူးနေတာ'' လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့ကို စစ်ကောင်စီက Stay at Home သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ချိန်ကျော်လွန်ပြီး အပြင်ထွက်နေသူတွေကို အမေးအမြန်းမရှိဘဲ စစ်သားတွေက ရိုက်နှက်နေတာတွေ နေ့စဉ်နဲ့အမျှရှိနေကြောင်းလည်း ဒေသခံပြည်သူတွေထံက သိရပါတယ်။