ကချင်ပြည်နယ်၊ မိုးညှင်းမြို့က အခြေခံလူတန်းစားတွေ အားကိုးအားထားရတဲ့ ဆရာဝန်တစ်ယောက် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဩဂုတ် ၃ ရက်က ကွယ်လွန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၄ နှစ်အရွယ် ဒေါက်တာ လှစိုးဟာ လူနာတွေဆီကတဆင့် ရောဂါကူးစက်ခံရပြီးနောက် ဩဂုတ် ၃ ရက် မနက် ၇ နာရီလောက်က မိုးညှင်းဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။
ဒေါက်တာလှစိုးနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က “သူတို့ လင်မယား နှစ်ယောက်လုံး ကူးခံရတာ။ သူက ရောဂါအခံတွေလည်း ရှိတော့ အောက်ဆီဂျင်ပေးထားရတယ်။ ရက် ၂၀ လောက်ရှိပြီ။ သူ့ အမျိုးသမီးကတော့ သက်သာသွားလို့ မနေ့ကပဲ ဆေးရုံက ဆင်းရတယ်” လို့ ပြောပါတယ်။
ဒေါက်တာလှစိုး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က “သူကိုယ်တိုင်လည်း လူနာကို မကူးစက်အောင် တဖွဖွပြောဆို ပညာပေးနေတဲ့သူ။ သူ့ကိုယ်သူလည်း လူနာကို မကိုင်တွယ်ခင် လက်တစ်ခါဆေး၊ ကိုင်တွယ်ပြီးတဲ့အခါ လက်တစ်ခါဆေးတဲ့ ဆရာဝန်။ ဆေးတစ်ချောင်းကို ၈၀၀ ကနေ ၁၃၀၀ လောက်ပဲ ယူတယ်။ အခုလို ကိုဗစ်ကာလ ဈေးကြီးနေချိန်မှာတောင် ၂၀၀၀၊ ၂၅၀၀ ထက် ပိုမယူတဲ့ ဆရာပါ။ ကျမတို့လို အခြေခံ လူတန်းစားတွေအတွက် အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု အကြီးကြီးပါပဲ” လို့ ပြောပါတယ်။
မိုးညှင်းမြို့မှာ ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၀၀ လောက်နဲ့ သေဆုံးသူ ၁၁ ယောက်ရှိပြီဖြစ်ပါတယ်။