စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံတိုက်နယ်၊ ညောင်နီကန်အုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦး ကိုဗစ်ကာကွယ်ဆေးထိုးပြီးအပြန် မကျီးကုန်းရွာနဲ့အုတ်ဖိုရွာကြားမှာ ဩဂုတ်လ ၄ ရက် မနက် ၁၁ နာရီလောက်က ဓားနဲ့ခုတ်သတ်ခံရပြီး ဆိုင်ကယ်ရောလူပါ မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “အလောင်းကိုလည်း မီးရှို့သွားတယ်။ ဆိုင်ကယ်ကိုလည်း မီးရှို့သွားတယ်။ ဘယ်သူဘယ်ဝါမှန်း ကောင်းကောင်းရုပ်မပီတော့ဘူး။” လို့ ပြောပါတယ်။
အသတ်ခံရသူ ဦးသောင်းဌေး အသက် (၅၁) နှစ်ဟာ မြို့နယ်ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ၂၀၀၃ ဒီပဲယင်းအရေးအခင်း နှိမ်နင်းရာမှာလည်း ပါဝင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲစည်းရုံးရေးကာလ ကာဘိုးရွာက အဓိကရုဏ်းဖြစ်စဉ်မှာ ရွာသားအချို့နဲ့အတူ ရမ်းကားမှုမှာ ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လူသတ်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာမ ရှိသေးပါဘူး။