စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဇူလိုင်လ ၁၈ ရက်ကနေ ၊ ဩဂုတ်လ ၃ ရက်အထိကာလအတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ၂၈၁ ဦးရှိပြီး နေ့စဉ်ရောဂါကူးစက်မှုနှုန်း တစ တစမြင့်မားလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျွန်းလှမြို့မှာ ကိုဗစ်တတိယလှိုင်းကို ဇွန်လ ၂၇ ရက်နေ့က စခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၁၂၃ ဦးသာရှိခဲ့ရာက အခု ဩဂုတ် ၃ ရက်နေ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စာရင်းအရ ရောဂါဖြစ်ပွားသူဦးရေ ၄၀၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။
“ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုက တစတစတိုးလာတယ်။ ဒီလိုကူးစက်မှုများလာတာက အဝင် အထွက် စစ်ဆေးမှုမလုပ်တာရယ်၊ ကွာရန်တင်းစင်တာ မရှိတာရယ်ကြောင့် ရောဂါပြန့်ပွားမှု များလာတာလို့ထင်တယ်”လို့ ဒေသခံ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကျွန်းလှမြို့မှာ ကိုဗစ်-၁၉ ကုသရေးစင်တာတွေအဖြစ် ခုတင် ၅၀ ပြည်သူ့ဆေးရုံကြီးအပြင် ပိတောက်မြိုင် အမက ၂ ၊ ပျဥ်းမမြိုင် အလယ်တန်းကျောင်းနဲ့ မြို့တော်ခန်းမတို့မှာ စီမံဆောင်ရွက်ထားတာဖြစ်ပြီး၊ လတ်တလော ကိုဗစ်အတည်ပြု လူနာ ၁၃၇ ဦးကို ကုသပေးနေတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့အထိ ကျွန်းလှမြို့ ကိုဗစ် စာရင်းအချက်အလက်တွေအရ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၄၀၄ ဦး၊ ဆေးရုံကဆင်းခွင့်ရသူ ၂၆၀ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိသွားပြီလို့ သိရပါတယ်။