မန္တလေး ပုသိမ်ကြီးမြို့နယ် ကြူဝန်းရွာထဲကို စစ်ကောင်စီတပ်က သြဂုတ် ၂ ရက်နေ့ ည ၁၂ နာရီကျော်လောက်မှာ သေနတ်၊ အသံဗုံးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ဝင်ရောက်ပြီး ရွာသား ၁၅ ယောက်အား ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ ရွာခံတစ်ဦးက “အိမ်တံခါးတွေကို အတင်းဆွဲဖွင့်ပြီး ဝင်ဆွဲတယ်။ နေမကောင်းလို့ အိမ်သာထဲပုန်းနေတဲ့ကလေး ဗဒင်းကို သေနတ်နဲ့ပစ်ပြီး ဝင်ဖမ်းတာ သေနတ်ဒဏ်ရာကြီးနဲ့ ပါသွားတယ်။ တချို့အသက်ငယ်တဲ့ ကလေးတွေကို ရိုက်ပြီး ခေါ်သွားတယ်။ ရွာထဲက အိမ်တံခါးတွေ အိမ်ခေါင်မိုးတွေလည်း သေနတ်နဲ့လိုက်ပစ်တယ်။ ညကတော့ တစ်ရွာလုံး ပြာကုန်ကြတာပဲ'' လို့ ပြောပါတယ်။
အဖမ်းခံရသူတွေထဲ ဦးဝင်းဟန်တို့ သားအဖ သုံးယောက်၊ ဦးမင်း၊ ကိုအောင်ကျော်စိုး၊ ကိုစိုးအောင်၊ ရဲရင့်အောင်၊ ဝေယံ၊ မြင်းမူဘက်ကပြောင်းလာတဲ့ သံတိုသံစလုပ်ငန်းလုပ်တဲ့ ညီအကိုနှစ်ယောက်လည်း ရွာခံနောက်တဦးက ပြောပါတယ်။
"ဦးဝင်းဟန်ရဲ့ သားအငယ်က အသက်မပြည့်သေးလို့ အုန်းချောရဲစခန်းမှာ သွားထုတ်တာ သုံးသောင်းပေးရမယ်လို့ ပြောတယ်။ အများစုက နန်းတွင်းထဲရောက်နေပြီလို့ ကြားတယ်။ ၁၅ ယောက်ထဲမှာ ၆ ယောက်က ကိုဗစ်တွေ့လို့ ကိုဗစ်စင်တာကို ပို့ရတယ်လို့လည်း ကြားတယ်။ ပေါက်စဆိုတဲ့ ကောင်လေးကတော့ အဖမ်းခံလိုက်ရပြီး ဘယ်ရောက်လို့ ရောက်နေမှန်းမသိရတော့ သူ့အဘွားက ငိုနေပြီ။”
ကြူဝန်းရွာမှာ PDF တပ်ဖွဲ့တွေနဲ့ ဆန္ဒပြပွဲတွေလည်း မရှိဘဲ ရွာသားတွေကို အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“ရွာမှာဆို pdf ဆိုတာလည်း မရှိ၊ ဆန္ဒပြလည်း သိပ်မထွက်ကြပါဘူး။ ဘေးပတ်ပတ်လည်က စစ်တပ်တွေ ရဲစခန်း ရဲကင်းတွေ ဝိုင်းနေတာ။ လယ်တွေ သူတို့သိမ်းထားလို့ တောင်ယာလည်း မလုပ်ရဘူး။ ရွာကလူတွေက ကားဆွဲတာတို့ တခြားအလုပ်လေးတွေလုပ်ပြီး ဆင်းဆင်းရဲရဲနေကြရတာ။ အခုကာလ ဝင်ငွေမရှိပါဘူးဆိုမှ အသက်အန္တရာယ်ပါ ဒုက္ခလာပေးသွားကြတယ်။”
သြဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီမှာလည်း သေနတ်သံတွေ ကြားရကြောင်း၊ လက်ရှိမှာ ရွာအနောက်ပိုင်းက ပြည်သူတွေက ရွှေ့ပြောင်းကုန်ကြပြီး ကျန်ခဲ့တဲ့လူတွေကလည်း ညဘက်မအိပ်ရဲကြတော့ဘဲ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။