ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေ ကိုဗစ်ကာလ စားသောက်ရေး အခက်အခဲရှိနေပြီး ဆန်အပါအဝင် စားနပ်ရိက္ခာတွေ ပြတ်တောက်နေတာကြောင့် အရေးပေါ်ကူညီပေးဖို့ လိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ရက္ခဒါနဖောင်ဒေးရှင်းရဲ့ နာယက ဦးမောင်မြင့်သန်းက ပြောပါတယ်။
ရက္ခဒါနဖောင်းဒေးရှင်း နာယက ဦးမောင်မြင့်သန်းက “လက်ရှိစားဝတ်နေရေးနဲ့ ပတ်သက်ပြီး ကိုဗစ်ကာလမှာ သွားလာလို့မရကြတော့ စစ်ဘေးရှောင်တွေမှာ အခက်အခဲ ရှိနေကြတယ်၊ အဓိကတော့ ဆန်ကအဓိက အခက်အခဲရှိနေတယ်။ အခုအချိန်မှာ ဘေးစီမံကရော အလှူရှင်တွေကရော ကိုဗစ်ကိစ္စကြောင့်မရောက်ကြဘူး။ မနေ့ကတော့ မြောက်ဦးဆရာတော်ဆီ ကနေ လှူထားတဲ့ ဆန်အိတ် ၄၀ လောက်ရောက်လို့ရှိတယ်၊ အဲဒီဆန်တွေက စစ်ဘေးရှောင် ၈၀၀ ကျော်အတွက် ၁ ပတ်စာလောက်တော့ ရမယ်ဆိုတော့ နောက်နေ့တွေအတွက် လိုအပ်နေသေးတာ ပေါ့၊ အခုကိုဗစ်ကာလမှာ စစ်ဘေးရှောင်တွေရဲ့ စားသောက်ရေး အများကြီး အခက်အခဲရှိ နေတာပေါ့” လို့ ပြောပါတယ်။
အဆိုပါ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၂၅၅ စုနဲ့ လူဦးရေ ၈၀၀ ကျော်ရှိကာ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေက ဒေသခံတချို့ လာရောက်ခိုလှုံနေထိုင်နေကြတာ ဖြစ်ပြီး လက်ရှိကိုဗစ်ကာလမှာ စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်နေတာကြောင့် အရေးပေါ်ကူညီပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ စစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိတာဟာ ၁ နှစ်ဝန်းကျင်ရှိလာ ပေမယ့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်ကို မပြန်နိုင်ဘဲ နီးစပ်ရာစစ်ဘေးရှောင်စခန်းတွေနဲ့ မြို့ပေါ်တွေမှာ ခိုလှုံနေထိုင်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေထံက သိရပါတယ်။