စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ် စက်မှုလယ်ယာတိုက်တန်းမှာ ကွမ်းယာဆိုင်ပိုင်ရှင်အမျိုးသမီး တစ်ယောက်နဲ့ ကွမ်းယာဝယ်နေတဲ့ လူငယ် ၄ ယောက်ကို စစ်ကောင်စီတပ်က ဩဂုတ် ၂ ရက် ဒီနေ့ မွန်းလွဲ ၂နာရီလောက်မှာ ဖမ်းဆီးသွားပါတယ်။
ဘုတလင်မြို့ခံတစ်ဦးက “ ဘာကြောင့်ဖမ်းလဲဆိုတော့ မနေ့က ဩဂုတ် ၁ ရက်နေ့က တွင်းတောင်ကျေးရွာမှာ အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားမက်က သူ့ယောက္ခမကို သတ်တဲ့သူတွေလိုဆိုပြီး ပုဂ္ဂိုလ်ရေးအရ မုန်းတီးတဲ့သူတွေကို မိုးကြိုးမုန်းတိုင်းအဖွဲ့ကပါ ဆိုပြီး စစ်ကောင်စီတပ်တွေကို အဖမ်းခိုင်းတာ။ ကွမ်းသီး၊ ကွမ်းရွက်နဲ့ ကွမ်းယာပါရောင်း တဲ့ အသက် ၅၀ အမျိုးသမီးပါ ဖမ်းတာဆိုတော့ ဘယ်မိုးကြိုးမုန်းတိုင်းမှမဟုတ်ဘူး။”လို့ ပြောပါတယ်။
စစ်တပ်က လူငယ်တွေကို ထင်ကြေးနဲ့ဖမ်းဆီးပြီး ပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မကျူးလွန်သည်ဖြစ်စေ စစ်ကြောရေးစခန်းတွေမှာ ရိုက်နှက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်တယ်လို့ ခြိမ်းခြောက်ဖိအားပေး ခိုင်းစေပြီး သတင်းတွေ လိမ်ညာထုတ်ပြန်တာတွေလည်း ရှိပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးစခန်းမှာ ရိုက်နှက် စစ်ဆေးတာတွရှိပြီး လက်လွန် အသက်ဆုံးရှုံးတာတွေလည်းရှိနေတာကြောင့် အခုအဖမ်းခံရတဲ့ လူငယ်လေးတွေအတွက်လည်း စိုးရိမ်တယ်လို့ ဘုတင်မြို့ခံ က ပြောပါတယ်။