စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ဇူလိုင် ၃၁ ရက်နေ့ ညနေ ၃ နာရီက မိုးသောက်ကြယ် မူးယစ်းဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “သူတို့က ရွာဘက်ကို လမ်းတွေမကောင်းလို့ လမ်းပြင်သွားတာ။ သူနဲ့အတူ ရွာသား ၄ ယောက်ပါသွားတယ်၊ လမ်းပြင်နေတုန်း အမည်မသိတွေက သူ့ကိုသေနတ်နဲ့ ပစ်သတ်သွားတယ်။ ကျန်တဲ့ ၄ ယောက်ကို ဘာမှမလုပ်ဘူး၊ မဆိုင်တဲ့သူတွေဝင်မပါနဲ့လို့ ပြောပြီးပစ်သတ်သွားတယ်” လို့ ပြောပါတယ်။
ဦးခင်ဇော်ဝင်းဟာ NLD အစိုးရလက်ထက်နဲ့ စစ်ကောင်စီလက်ထက်မှာပါ ကင်းပန်းကျေးရရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခု သူ အသတ်ခံရတာ နိုင်ငံရေးကြောင့်လို့ ထင်တယ်။ သူက ပရဟိတသမားပါ၊ နိုင်ငံရေးတွေ ဘာတွေ မလုပ်ဘူး။ သူတို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ဥက္ကဋ္ဌ လုပ်နေတယ်။ သူ လုပ်လာတာ NLD အစိုးရလက်ထက်ကတည်းက လုပ်ခဲ့တာပါ၊ အခုမှလုပ်တာ မဟုတ်ဘူး။”
ပြီးခဲ့တဲ့လကလည်း ဦးခင်ဇော်ဝင်း စီးနင်းလာတဲ့ယာဉ် ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။