စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေဟာ ဆေးဝါးတွေကို အခကြေးငွေနဲ့ ဝယ်ယူနေရတာကြောင့် အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက ဆိတ်သာကန်ကျေးရွာမှာ သံသယလူနာ ၁၂၈ ယောက်ကို ဆေးစစ်ရာမှာ ၅၄ ဦး၊ မြင်သာရွာက ၂၆ ဦးကို ဆေးစစ်ရာမှာ ၂၄ ဦး၊ နတ်ရွာက ၅၁ ဦးစစ်ဆေးရာမှာ ၂၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
အဲဒီ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို ဘုတလင်ဆေးရုံက ဆေးကုသမှု မပေးဘဲ ဆေးရောင်း ပြီး ပြန်လွှတ်ခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်တဦးက သိရပါတယ်။
“ကျနော်တို့ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိလို့ ဆေးစစ်မယ်ဆိုရင်လည်း ကိုယ့်အစီစဉ်နဲ့ကိုယ်စစ်ရတယ်ဗျာ။ တာဝန်ရှိတဲ့သူတွေကလည်း တာဝန်ယူစစ်ပေးတာတွေ လုံလုံလောက်လောက်စစ်မပေးဘူးဗျ။ ကျနော်တို့ကိုယ်ပိုင် စမ်းသပ်တဲ့ ကိရိယာတွေဝယ်ပြီးစစ်တယ်။ အဲလိုစစ်လို့ ပိုးတွေတော့ မြို့နယ်ဆေးရုံသွားတော့ ဘာမှလုပ်ပေးတာမရှိဘူးဗျ။ ဆေးပဲရောင်ပြီး ပြန်လွှတ်တယ်ဗျ။ ဆေးဖိုးက ၂၀၀၀၀ ပေးရတယ်ဗျ။ ကိုဗစ်ကြောင့် အလုပ်မရှိ၊ နိုင်ငံရေးက လုံခြုံမှု မရှိဆိုတော့ သာမန်ကျေးလက်နေပြည်သူတွေအဖို့ ဒီငွေ ၂၀၀၀၀ ဘယ်လိုလုပ်ပေးဝယ်နိုင်မှာလဲ” လို့ ပြောပါတယ်။
ဘုတလင်မြို့မှာ လက်ရှိ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးတာတွေ ထိထိရောက်ရောက်မပြုလုပ်ပေးတော့သလို အတည်ပြုလူနာနဲ့ သေဆုံးစာရင်းကိုလည်းတစ်မြို့နယ်လုံးအတိုင်းအတာနဲ့ မထုတ်ပြန်တော့ဘူးလို့ ဆိုပါတယ်။