ကိုဗစ်-၁၉ ကပ်ဘေးကာလ မြန်မာနိုင်ငံမှာ လတ်တလော လိုအပ်ချက်မြင့်နေတဲ့ ၁၀ လီတာ အရေးပေါ် အောက်ဆီဂျင်အိုးအလုံးရေ ၂၀၀ ကို လှူဒါန်းသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက ဇူလိုင် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ဒါဟာ ကိုဗစ်-၁၉ ရောဂါ အပြည်ပြည်ဆိုင်ရာ တုံ့ပြန်ရေး ရန်ပုံငွေမှ လူသားချင်း စာနာထောက်ထားရေးနဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်အနေနဲ့ စင်ကာပူကြက်ခြေနီအသင်းကတဆင့် ထောက်ပံ့လှူဒါန်းမှာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လူနာတွေအနေနဲ့ လိုအပ်ချက်ဖြစ်နေတဲ့ အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာတွေ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းမှုမရှိတဲ့ အခြေအနေတွေနဲ့အတူ ဆေးရုံတွေမှာ ဆရာဝန်လုံလောက်မှု မရှိတာတွေကြောင့် လူနာတွေ တက်ရောက်ကုသနိုင်ဖို့ အခက်အခဲတွေလည်း ပိုမိုများပြားလာနေတာပါ။
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅,၀၀၀ နီးပါးနဲ့ စုစုပေါင်းကူးစက်ခံရသူ ၂၈၀,၀၀၀ နီးပါးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်ညမှာ ထုတ်ပြန်ပါတယ်။
လူနေထူထပ်တဲ့ မြို့တော်ရန်ကုန်က သုသာန်တွေမှာတော့ ကိုဗစ်-၁၉ တတိယ လှိုင်းကာလအတွင်း နေ့စဉ်မီးသင်္ဂြိုဟ်ခဲ့ရတဲ့ ရုပ်အလောင်း ရာနဲ့ချီ ရှိနေတယ်လို့ နာရေး အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။