ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာအနီးတဝိုက်မှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ စတင်တွေ့ရှိလာသောကြောင့် ဇူလိုင် ၂၈ မှ စတင်ကာ လိုင်ဇာမြို့ကို အသွားအလာကန့်သတ် လော့ဒေါင်းပြုလုပ်လိုက်ပြီလို့ ကေအိုင်အိုဗဟို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဇူလိုင် ၂၇ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
ဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝေကြိုင်စစ်ရှောင်စခန်းတို့မှာ ပိုးတွေ့လူနာတွေ့ရှိခဲ့ပြီဖြစ်တာကြောင့် လိုင်ဇာမြို့တွင်းရှိ ပြည်သူတွေကို ဇူလိုင် ၂၈ မှ စတင်ကာ ကျန်းမာရေးစစ်ဆေးမှု အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်နေစဉ် အပြင်မထွက်ဘဲ နေအိမ်မှ အလုပ်လုပ်ရန် Stay at Home စည်းကမ်းချက်တွေကို ပူးပေါင်းဆောင်ရွက်ရန်နဲ့ ပျက်ကွက်ပါက ထိရောက်စွာအရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
လိုင်ဇာမြို့မှာ မနေ့က ပြည်သူတွေ အခြေခံစားသောက်ကုန် ၀ယ်ယူစုဆောင်းကြတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်တာတွေရှိခဲ့ပေမဲ့ ဒီနေ့တော့ အသွားအလာမရှိသလောက် နည်းပါးသွားခဲ့တယ်လို့ လိုင်ဇာမြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ - simasa kasa