စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရွှေမျှောလုပ်ငန်းတွေမှာ ပိုက်ဆံလိုက်တောင်းတဲ့ စစ်ကောင်စီတပ်က သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတဦး သေနတ်နဲ့ပစ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ နေ့ခင်းပိုင်းက ဟုမ္မလင်းမြို့နယ် ပင်းမခေါ်ကျေးရွာအနီး ရွှေမျှော်လုပ်ကိုင်သူတွေဆီကနေ ဗိုလ်ကြီးမျိုးလွင်ဆိုသူက ပိုက်ဆံလိုက်တောင်းပြီး အပြန်မှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်သား ၄ ယောက်က ဆိုင်ကယ်နဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့ခင်း ၁ နာရီလောက်က ပစ်ခတ်မှုဖြစ်သွားတာ။ ၂၂၂ က ဗိုလ်ကြီး မျိုးလွင် ဆိုသူပါ။ သူက ကိုယ်ပိုင်ကားနဲ့ တစ်ယောက်တည်း ငွေလိုက်တောင်းတာ။ ဟိုဘက်က ဆိုင်ကယ်နှစ်စီး လူလေးယောက်နဲ့ သူပစ် ကိုယ်ပစ် ပစ်ကြတာ။"
SNA ဗိုလ်မှူးကြီး စပ်အိုက်က “စစ်ကောင်စီဘက်က လူတွေက ရွှေမျှောတွေကို ပိုက်ဆံတောင်းလို့ ကျနော်တို့ တပ်ဖွဲ့က လူတွေက လိုက်လံပစ်ခက်တာ” လို့ ပြောဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ဗိုလ်ကြီးမျိုးလွင် ဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးသွားကြောင်း၊ SNA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ အရပ်သားအမျိုးသားတစ်ဦး ပေါင်မှာ သေနတ်မှန်ခဲ့ပြီး ဒဏ်ရာအခြေအနေက မစိုးရိမ်ရဘူးလို့လည်း သိရပါတယ်။
အဆိုပါ ငွေတောင်းခံတဲ့ သုံးပွင့်ဗိုလ်ကြီးမျိုးလွင်ဆိုသူဟာ အခုလ အစောပိုင်းက တရားဝင်ရွှေမျောတွေကို ငွေမပေးလို့ဆိုပြီး လိုက်လံမီးရှို့ရာမှာ ဦးဆောင်ခဲ့သူလို့လည်း သိရပါတယ်။