မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၁ ရပ်ကွက်မှာ နေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမှုံကြီးကို စစ်ကောင်စီတပ်က ဖမ်းမမိတဲ့အတွက်ကြောင့် ၇ နှစ်သမီးအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပါတယ်။
နိုင်ငံရေးလှုပ်ရှားသူ ကိုမှုံကြီးရဲ့ အစ်ကိုဖြစ်သူ ကိုသိန်းထွန်း၊ ကိုမှုံကြီးရဲ့ဇနီး မရွှေစင်ဦးနဲ့ သမီးဖြစ်သူ ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၇ ဦးကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သူ့မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
''မှုံကြီး ကိုလာဖမ်းတာတဲ့။ သူကရှောင်ထွက်သွားတော့ အစ်ကိုဖြစ်တဲ့ ကိုသိန်းထွန်း ကိုဖမ်းသွားတာ။ မှုံကြီးရဲ့ မိန်းမနဲ့ ၇ နှစ်သားကလေးလည်းပါသွားတယ်။ သူ့အိမ်က ကားဝပ်ရှော့ဆိုတော့ အလုပ်သမားတွေပါဖမ်းခေါ်သွားတာ'' လို့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုမှုံကြီး ရဲ့အစ်ကို ကိုသိန်းထွန်း ဟာ အန်အယ်လ်ဒီ အစိုးရလက်ထက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေသခံမျက်မြင်တစ်ဦးက ''အစကဖမ်းသွားတုန်းက ၈ ယောက်ပေါ့။ ကိုမှုံကြီးရဲ့ သမီးအပါအဝင် ၆ ယောက်တော့ ပြန်လွတ်လာပြီ။ ကိုသိန်ထွန်းနဲ့ မရွှေစင်ဦး တို့ကိုတော့ ပြန်မလွှတ်သေးဘူး။ သူတို့အိမ်ကဖုန်းတွေလည်း အကုန်ယူသွားတယ်။ ဆိုင်ကယ် ၂ စီးလည်းယူသွားတယ်။ ကိုသိန်းထွန်းကို မျက်နှာအဝတ်နဲ့စီးပြီးခေါ်သွားတာ။ ဘယ်ခေါ်သွားကြလည်း မသိဘူး။ ရပ်ကွက်ထဲက ဒလန်က စစ်ကောင်စီကိုတိုင်လို့ ဖမ်းတာလို့လည်း ကြားနေရတယ်'' လို့ပြောပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမှုံကြီးဟာ အန်အယ်လ်ဒီပါတီကိုထောက်ခံသူတစ်ယောက်ဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေတွေအနေနဲ့ အပြစ်မဲ့ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့် ဖမ်းဆီးနှိပ်စက်တာတွေ ချက်ခြင်းရပ်တန့်ဖို့နဲ့ လိုက်နာခြင်းမရှိပါက စစ်ကောင်စီဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမည်မဟုတ်မှာ မဟုတ်ဘူးလို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြင်းထန်စွာ သတိပေးစာထုတ်ပြန်ထားပါတယ်။