ကရင်ပြည်နယ် မြဝတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေအပါအဝင် နေရာတော်တော်များများ ဆိုးဆိုးရွားရွား ရေနစ်မြုပ်နေပြီး ရေဘေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက် ညပိုင်းကစတင်ပြီး သောင်ရင်းမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီး ရေစီးကြမ်းလာတဲ့အတွက် အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်က ပြည်သူ ၁၀၀၀ လောက် ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားတဲ့ ကျွန်းတောရပ်က စာသင်ကျောင်း ၂ ကျောင်းမှာ သွားရောက်ခိုလှုံနေရတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက "ရေအတက်က မြန်တဲ့အပြင် ရေစီးကလည်း ကြမ်းတယ်။ ဘာမှ ယူချိန်မရဘူး။ ဒါကြောင့် ညတွင်းချင်းပဲ ရွှေ့ပြောင်းခဲ့ရတယ်” လို့ ပြောပါတယ်။
မနေ့ညပိုင်းမှာ ပရဟိတအဖွဲ့တွေ၊ ရပ်ကွက်ကလူတွေ စက်လှေတွေနဲ့ ရောက်လာပြီး ရေဘေးဒုက္ခသည်တွေကို ကူညီရွှေ့ပြောင်းပေးတာ ပြုလုပ်ပေးခဲ့တယ်လို့ မြဝတီမြို့ အမှတ် ၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ခန့်မှန်းခြေ အိမ်ခြေ ၁ ထောင်ကျော်လောက်ရှိမယ်၊ ရေနစ်နေတာ၊ လူတရပ်မကဘူး ဝါးတပြန်ကျော်လောက် မြုပ်နေတာ။ မနေ့ညက ကူညီပေးဖို့ အော်သံတွေလည်း ကြားရတယ်။ ကျမတို့က သုံးထပ်တိုက်ဆိုတော့ တော်သေးတယ်။”
ဒီဗွီဘီက ရရှိတဲ့ ရုပ်သံဖိုင်ထဲမှာလည်း အမှတ် ၂ ရပ်ကွက်မှာ ပရဟိတအဖွဲ့တခုက စက်လှေနဲ့ ကူညီကယ်ဆယ်ရေး လိုက်လုပ်နေတာ တွေ့ရပါတယ်။
သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာ ကျော်လွန်ပြီး ၁၂၀၆ စင်တီမီတာကို ကျော်လွန်ရောက်ရှိနေတာဖြစ်ပါတယ်။
မိုးအဆက်မပြတ် သွန်းမှုတွေကြောင့် သောင်းရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိနေတဲ့အတွက် မြေအနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေလွတ်ရာ အမြင့်ပိုင်းကို ရွှေ့ပြောင်းနေထိုင်ဖို့ ကရင်ပြည်နယ် မိုးဇလဌာနက သတိပေးနှိုးထားပါတယ်။
ဓာတ်ပုံ - Myat Su Naing Kyi