မကွေးတိုင်း တောင်တွင်းကြီးပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၂၀ နီးပါး ကိုဗစ်-၁၉ ကူးစက်ခံနေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ရောဂါပိုးကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ''ဆေးရုံမှာ အလုပ်ဆင်းနေတဲ့ ဝန်ထမ်း ၃၀ ကျော်ထဲက ၂၀ နီးပါး ကိုဗစ်ထိသွားလို့ ဆေးရုံတက်နေရတယ်။ အခုတော့ ဆေးရုံမှာ ဝန်ထမ်း ၁၂ ယောက်လောက်ပဲ ကျန်တယ်။ ဝန်ထမ်းမိသားစုတွေထဲမှာလည်း နေမကောင်းတဲ့ သူတွေ ရှိနေသေးတယ်။ ကိုဗစ်လူနာရယ်၊ တခြားလူနာရယ်နဲ့ ဘယ်လိုမှ မနိုင်တော့ဘူး'' လို့ ပြောပါတယ်။
ဆေးရုံမှာ ကျန်ရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံကို ဆက်ဖွင့်ထားပေးမဲ့ ကျန်းမာရေးဌာနက ကိုဗစ်ပိုးတွေ့လူနာတွေကို နေအိမ်မှာ ပြန်နေခိုင်းနေတာတွေရှိနေလို့ အစုလိုက် အပြုံလိုက် ကူးစက်မှုတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။
“အခု အလုပ်ဆင်းနေတဲ့ ဝန်ထမ်း ၁၂ လောက်ကိုတော့ ဆေးစစ်မပေးသေးဘူး။ အလုပ်သာ ဆင်းနေရတာ တချို့က နေမကောင်းနေကြတာ။ ဝန်ထမ်းအားလုံး စစ်လိုက်လို့ ပိုးတွေ့ရင် ဆေးရုံ ပိတ်ရမှာစိုးလို့တဲ့ ပိုးတွေ့လို့ ဆေးကုနေရတဲ့ဝန်ထမ်းတွေအလုပ်ပြန်ဆင်းနိုင်မှ ကျန်ဝန်ထမ်းတွေကို ဆေးစစ်ပေးမယ်ပြောတာပဲ။ အောက်ခြေဝန်ထမ်းတွေပဲ ပိုးကူးခံနေကြရတာ။ မိသားစု စားဝတ်နေရေးကြောင့်သာ ဆက်လုပ်နေရတာ အလုပ်ထွက်ချင်နေပြီ” လို့ ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ဇွန် ၂၂ ရက် မှ ဇူလိုင် ၂၄ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ဝ နီးပါး၊ ဆေးရုံဆင်းသူ ၂၅၀ နီးပါးနဲ့ သေဆုံးသူ ၁၆ ဦးရှိပြီလို့ မြို့နယ်စစ်ကောင်စီ လက်အောက်ခံ ရောဂါစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။