မိတ္ထီလာအကျဉ်းထောင် အချုပ်မှာထားရှိသည့် အချုပ်သား ၃၆ ယောက်ကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့လယ်က မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် ၄ မြို့နယ် တရားရုံးတွေမှာ အမှုစစ်ဆေးဆဲ အချုပ်သားတွေကို ပြန်လွှတ်ပေးလိုက်တာပါ။
မိတ္ထီလာက မူးယစ်မှုနဲ့ တရားစွဲဆိုစစ်ဆေးနေတဲ့ ၁၈ ဦး၊ ခိုးမှုနဲ့ တရားစွဲဆို စစ်ဆေးခံရသူ ၁၀ ဦး၊ ပေါင်း ၂၈ ဦးလွတ်မြောက်လာပြီး ဝမ်းတွင်းက လောင်းကစားနဲ့တရားစွဲဆို စစ်ဆေးနေသူ တစ်ဦး မူးယစ်မှု ၃ ဦး ပေါင်း ၄ ဦး ပြန်လွတ်လာပါတယ်။
မလှိုင်မြို့နယ်က မူးယစ်မှုတစ်ဦး၊ ခိုးမှု ၃ ဦး လွတ်မြောက်လာပြီး သာစည်မြို့နယ်က ၁ ဦးကတော့ သစ်တောဥပဒေနဲ့ တရားစွဲထားလွတ်မြောက်ခဲ့ပေမဲ့ ပြည်သူပိုင်ပစ္စည်း ပျက်စီးစေမှုနဲ့ မလွတ်တော့ အချုပ်ထဲမှာ ပြန်နေရတယ်လို့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်ကျူးလွန်ခဲ့တဲ့ ခိုးမှု၊ မူးယစ်မှု၊ ပြည့်တန်ဆာမှု အပါအဝင် ပြစ်မှု ၁၁ မျိုးကို ပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးဖို့ ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။