မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီခန့် ရေပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်ကို အမည်မသိ လူသုံးယောက်က သေနတ်နဲ့ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူဆီက သိရပါတယ်။
ရေပူရပ်ကွက်က ဦးစန်းလွင် နေအိမ်ကို ဇူလိုင် ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ လူသုံးယောက်ဝင်လာကာ သေနတ်နဲ့ နှစ်ချက်ပစ်သွားတာဖြစ်ပြီး ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
"အရင်ဆုံး ဦးစန်းလွင်နေအိမ်ကို ခဲနဲ့ အရင်ထုပြီး လူထွက်လာမှ သေနတ်နဲ့နှစ်ချက်ပစ်ပြီး ပြေးသွားတယ်။ ပစ်ခံရပြီး တစ်နာရီကြာပြီးနောက်မှာတော့ ရဲတွေရောက်ရှိလာပြီး မြတ်စေတနာကားနဲ့ ဆေးရုံကို ပို့ဆောင်ထားတယ်။”
ဇူလိုင် ၁၇ ရက်နေ့ကလည်း စစ်ကောင်စီခန့် ရေပူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလွင် နေအိမ်အနီးမှာ လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။