မန္တလေးတိုင်း မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ဦးစိုးဌေးကိုယ်စား ဓားစာခံဖမ်းဆီးခံရပြီး ထောင် ၃ နှစ်ချခံထားရတဲ့ တတိယနှစ် ဥပဒေကျောင်းသူ မသိမ့်စန္ဒီစိုးဟာ မိုးကုတ်မြို့အချုပ်ထောင်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ အချုပ်ထောင်က ရဲတစ်ယောက်ဖုန်းဆက်လာတာဖြစ်ပြီး မသိမ့်စန္ဒီစိုးကို ပထမအကြိမ် ရောဂါစစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး ဆေးဝါးနဲ့ ဆောင်ရန်ရှောင်ရန်တွေကိုပါ ထည့်ပေးဖို့ မှာတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
မသိမ့်စန္ဒီစိုးဟာ အချုပ်ထောင်မှာ ဆေးဝါးကုသခွင့်မရဘဲ သွေးလေးဘက်နာ ရောဂါအခံရှိတာကြောင့် ကျန်းမာရေး စိုးရိမ်နေရတယ်လို့ သိရပါတယ်။
မသိမ့်စန္ဒီစိုးရဲ့ မိခင်ဖြစ်သူကိုလည်း မိုးကုတ်မြို့ အပေါ်အချုပ်ထောင်မှာထားပြီး သမီးဖြစ်သူကိုတော့ အောက်အချုပ်ထောင်မှာထားတာ ခွဲထားတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဌေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ ဝရမ်းထုတ်ထားပြီး ဖမ်းမမိတာကြောင့် ဇနီးဖြစ်သူနဲ့ သမီးတို့ကို ဓားစာခံဖမ်းထားပြီးနောက် ဇူလိုင် ၁၃ ရက်နေ့က ထောင်ဒဏ် ၃နှစ်စီချလိုက်တာလို့ သိရပါတယ်။