မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းက ကျေးရွာတရွာမှာ ဖွင့်ထားတဲ့ အခြေခံပညာ ဘော်ဒါကျောင်းဆောင်တစ်ခုမှာ ဇူလိုင် ၁၇ ရက်က ဆရာနဲ့ ကျောင်းသား ၉၉ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပါတယ်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ ဆရာနဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း ဘော်ဒါမှပဲထားပြီး ဆေးကုသပေးနေတယ်။ ပိုးတွေ့လူနာတွေ သိပ်များနေတော့ နေရာအခက်အခဲတော့ ရှိတာပေါ့။ ဆေးရုံကြီးအပြင် တိုက်နယ်ဆေးရုံ ၃ ရုံနဲ့ နည်းပညာ တက္ကသိုလ် ဘုန်းတော်ကြီးကျောင်း စာသင်တိုက် စတဲ့နေရာ ၇ နေရာထားပြီး ကုသပေးနေတယ်” လို့ ပြောပါတယ်။
ရမည်းသင်းမြို့နယ်မှာ ဇူလိုင် ၁၈ ရက်နေ့ကလည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ အယောက် ၃၀ ထပ်တွေ့ခဲ့ပြီး ပိုးတွေ့လူနာပေါင်း ၃၈၂ ဦး ဖြစ်လာပြီလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပိုးတွေ့လူနာထဲမှာ ပျောက်ကင်းလို့ Home Quarantine နဲ့ နေသူ အယောက် ၂၀ လောက် ရှိနေပြီး အသက်ရှူကျပ်ပြီး သေဆုံးခဲ့တဲ့ ကင်ဆာရောဂါအခံရှိသူ တစ်ဦးကို စစ်ဆေးရာမှာ ကိုဗစ်ပိုးတွေ့ခဲ့ပါတယ်။