မကွေးမြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပ မထွက်ကြဖို့ စစ်ကောင်စီက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မကွေးမြို့က ပြည်သူတွေကို မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပကို မထွက်ခွာဖို့နဲ့ စျေးဝယ်မယ့်သူတွေအနေနဲ့ မနက် ၉ နာရီမတိုင်ခင် ဝယ်ယူထားဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ကုန်တင်ယာဥ်တွေမှအပ ခရီးသည်တင်မော်တော်ယာဥ်တွေအနေနဲ့ မကွေးမြို့ကို ဝင်ထွက်သွားလာခြင်းမပြုဖို့လည်း ကြေညာခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြင်ထွက်ခွင့်မပေးဘူးဆိုရင်လည်း ပြည်သူတွေကို နားလည်အောင် ရှင်းပြပြီးတော့ စားဝတ်နေရေး အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတဲ့ အစီအမံတွေတော့ ရှိသင့်တယ်လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ ဇူလိုင် ၁၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃၉ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ စုစုပေါင်း ၄၉၄၅ ယောက်နဲ့ သေဆုံးတဲ့သူ ၅၅ ယောက်ရှိပြီလို့ သိရပါတယ်။