ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့က အောက်ဆီဂျင်အခက်အခဲရှိနေတဲ့ ကိုဗစ်လူနာတွေအတွက် ကူညီပေးနိုင်ဖို့ အောက်ဆီဂျင်ထုတ်စက်၀ယ်ယူတပ်ဆင်ဖို့ မြို့ခံပြည်သူတွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြပါတယ်။
အောက်ဆီဂျင်ထုတ်စက်အတွက် စရံငွေပေးတာနဲ့ စာချုပ်ချုပ်ဆိုတာတွေကို ဇူလိုင် ၁၇ ရက် ဒီနေ့မှာ ရွှေဟင်္သာတောရကျောင်းတိုက် မနော်ဟရီတိုက်ကျောင်းမှာ နာယက ဆရာတော်ကြီးတွေရဲ့ ရှေ့မှောက် ပြုလုပ်ခဲ့ပါတယ်။
တစ်နာရီကို အောက်ဆီဂျင် ၄၀ L အိုး ၄ လုံး ထုတ်နိုင်မယ့်စက်အတွက် ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်တွေက လာရောက်သင်ကြားပြသပေးမှာဖြစ်ပြီး စက်စတင်မှာ ယူချိန်တဲ့အချိန်ကနေ တပ်ဆင်ပြီးစီးတဲ့အထိ ရက်ပေါင်း ၄၀ လောက်ကြာမြင့်မယ်လို့ ဒီအစီအစဉ်ဖြစ်မြောက်ရေး ဦးဆောင် ကမကထ ပြုလုပ်နေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် ညောင်တုန်းမြို့မှာ အောက်ဆီဂျင်အခက်အခဲရှိနေတဲ့ ပြည်သူတွေအတွက် တခြားနေရာကနေ သွားယူပြီး ပီတိလူမှုကူညီရေးအသင်းက အခမဲ့ပြန်ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။
အောက်ဆီဂျင်ထုတ်စက်ကို ပြည်သူတွေ အလှူငွေနဲ့ တည်ဆောက်တာဖြစ်ပြီး မြို့ထဲမှာ စက်ရုံထားရှိမှာဖြစ်ကာခန့်မှန်းကုန်ကျငွေ ကျပ် သိန်း ၁၀၀၀ ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။
ညောင်တုန်းမြို့မှာ ကိုဗစ်-၁၉ လူနာတွေကို ညောင်တုန်းဆေးရုံ၊ ဆားမလောက်ဆေးရုံနဲ့ ချောင်းကြီးဆေးရုံတွေမှာ ကုသပေးနေပြီး၊ လူနာတွေများတဲ့အတွက် ညောင်တုန်းမြို့တော်ခန်းမမှာ ကုသဖို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ညောင်တုန်းမြို့မှာ ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင် ၁၇ ရက်နေ့အထိ သေဆုံးသူ ၂၁ ဦးအထိရှိတယ်လို့ လူမှုကူညီရေးအသင်းတွေကနေ သိပါတယ်။
ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့မှာလည်း အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်နိုင်ရေး ပြည်သူတွေ ကိုယ်ထူးကိုယ်ထ လုပ်ဆောင်နေကြပါတယ်။
နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင် မတရားသိမ်းယူခဲ့တဲ့ စစ်ကောင်စီကတော့ ပြည်သူတွေရဲ့ အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းမရှိသလို နိုင်ငံပိုင် စက်ရုံတွေမှာ ပြည်သူတွေ အောက်ဆီဂျင် ယူခွင့်လည်း တားဆီးပိတ်ပိတ်ထားပါတယ်။