ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ၊ ကချင်စစ်ရှောင်တွေရဲ့ ကျေးရွာတွေမှာ အုပ်စုဖွဲ့ ခိုးယူမှုတွေ များပြားလာတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။
လိုင်ဇာသွားလမ်းပေါ်မှာရှိတဲ့ ဂါးရားယာန်ကျေးရွာနဲ့ ဒဘတ်ကျေးရွာတွင်းရှိ စစ်ရှောင်တွေရဲ့ အိမ်ခြံတွေကနေ ရာသီပေါ်အသီးတွေဖြစ်တဲ့ တညင်းသီးအပါ ဟင်းသီးဟင်းရွက်တွေ အဆုံး သုံး လေးယောက် ပေါင်းပြီးတော့ အဖွဲ့လိုက် အုပ်စုဖွဲ့ပြီးတော့ ခိုးနေကြတာလို့ စစ်ရှောင်ကော်မတီ တာ၀န်ရှိသူတွေက ပြောပါတယ်။
“ခုရက်ပိုင်း ပိုများလာတယ်။ ပြည်သူတွေ စား၀တ်နေရေးကအစ ခက်ခဲလာတယ်ဆိုတဲ့သက်သေပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဆယ်စုနှစ် တခုလောက် စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ဟာကို ပိုင်ရှင်တွေရဲ့ခွင့်ပြုချက်မရှိဘဲ ခိုးယူတာတော့ မကောင်းဘူး” လို့ စစ်ရှောင်တာ၀န်ရှိသူတဦးက ပြောပါတယ်။
ခိုးယူသူတွေဟာ တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းတွေမှာ အလုပ်လာရောက်လုပ်ကိုင်နေကြတဲ့သူတွေဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်ကာ ငှက်ပျောကား အ၀င်အထွက်မရှိတော့လို့ အလုပ်အကိုင် ရှားပါးလာကြပြီး အုပ်စုဖွဲ့ကာ ခိုးလာကြတာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် နောက်ပိုင်းနေရပ်စွန့်ခွာခဲ့ကြတဲ့ ကချင်စစ်ရှောင်တွေရဲ့ နေအိမ်အဆောက်အအုံ၊ ကျွဲ နွား တိရစ္ဆာန်တွေ၊ လိမ္မော်ခြံက အသီးတွေက အစ နှစ်စဉ် ခိုးယူခံနေရကာ အခုရက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်တွေအထိ အုပ်စုဖွဲ့ ခိုးလာကြတာဖြစ်ပါတယ်။