ကချင်ပြည်နယ်၊ ချီဖွေမြို့ကို ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး အသွားအလာကန့်သတ် လော့ဒေါင်း ပြုလုပ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
“ခါတိုင်းကတော့ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီးတော့ ဒေသခံတွေရော ခရီးသွားတွေရော သွားနေကြတာ။ ဒီမနက်ကျတော့ မရတော့ဘူး။ ပြန်လွှတ်နေတာ မြို့၀င်ဂိတ်ကနေ” လို့ မျက်မြင်တွေ့ဒေသခံတဦးက ပြောပါတယ်။
ချီဖွေမြို့မှာ ဇူလိုင် ၁၄ ရက်က ဆီဘောက်ဆာယာဉ်မောင်းနဲ့ ခရီးသွားတချို့ဆီမှာ ကိုဗစ်ပိုး တွေ့ရှိပြီးနောက် ၃ ရက်အကြာ တပတ်အတွင်းမှာ အခုလို လော့ဒေါင်းပြုလုပ်လိုက်တာကြောင့် ဒေသခံတွေက ကုန်ဈေးနှုန်း မြင့်တက်လာမှာကို စိုးရိမ်နေသလို ခရီးသွားပြည်သူတွေလည်း သွားလာရခက်ခဲနေတယ်လို့ သိရပါတယ်။
ကုန်သည်တဦးက “ဟုတ်တယ် ဒီနေ့ ချီဖွေတက်မလို့ ပြင်ထားတာ။ ဟိုမှာပိတ်တယ်လို့ ပြောလာလို့ သွားမရလို့။ မသွားရင်လည်း ကုန်တွေက ၀ယ်ထားပြီးဖြစ်တာကြောင့် လှမ်းမေးဆက်သွယ်နေရတယ်” လို့ ပြောပါတယ်။
ချီဖွေမှာ လက်ရှိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၉ ဦးအထိ တွေ့ရှိထားပြီး အများစုက ခရီးသွားတွေဖြစ်ကာ ချီဖွေဆေးရုံမှာ ကုသပေးထားပါတယ်။ မြို့တွင်းအသွားအလာကန့်သတ် လော့ဒေါင်းချထားတာကိုလည်း ဇူလိုင် ၂၅ ရက်နေ့အထိ သတ်မှတ်ထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။