ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဇူလိုင် ၁၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃ ဦး သေဆုံးခဲ့ပြီး အများစုက အောက်ဆီဂျင်မရလို့ သေဆုံးတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
ပြည်သူ့ဆေးရုံကြီးက ၁၇ ဦး၊ မဆရ-၄တောင်ပေါ်ဆေးရုံက ၁ ဦးနဲ့ နေအိမ်တွေက ၁၅ ဦး စုစုပေါင်း ၃၃ ဦးဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ခံတစ်ဦးက “အဓိက အောက်ဆီဂျင် မရလို့ သေဆုံးတာများတယ်။ အောက်ဆီဂျင်အတွက် လူမှုကူညီရေးအဖွဲ့တွေက လုပ်ပေးတယ်၊ မြို့ခံတွေ၊ အလှူရှင်တွေက အောက်ဆီဂျင်လှူပေးတာတွေလုပ်ပါတယ်။ အခုက မြို့မှာ အောက်ဆီဂျင်စက်ရုံ ဆောက်ဖို့ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ အခုနောက်ပိုင်း ကိုဗစ်-၁၉ ကြောင့် နေအိမ်တွေမှာ သေဆုံးမှု မြင့်တက်လာနေပြီး အများစုက အောက်ဆီဂျင်ပြတ်ပြီး သေဆုံးကြတာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဧရာ၀တီတိုင်းမှာ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးနှုန်း မြင့်တက်လာနေပြီး ဇူလိုင် ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၂၄၃ ဦးအထိ ရှိတယ်လို့ သိရပါတယ်။ ဒုတိယလှိုင်းကာလတုန်းကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၀ သာရှိတယ်လို့ တိုင်းကျန်းမာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။