စစ်ကိုင်းမြို့ရှိ မြစကြာကျောင်းတိုက်မှာ ဇူလိုင် ၁၅ ရက်က ဖျားနာနေတဲ့ သံဃာတော်တွေကို စစ်ဆေးခဲ့ရာ သံဃာတော် ၁၉၈ ပါးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မြစကြာကျောင်းတိုက်မှာ သံဃာတော် ၄၆၆ ပါး သီတင်းသုံးနေကာ သံဃာတော် ၁၉၈ ပါး ပိုးတွေ့ခဲ့တာဖြစ်ပြီး ကျန်သံဃာတော် ၂၆၈ ပါး ပိုးမတွေ့ဘူးလို့ ကျောင်းတိုက်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကိုဗစ်-၁၉ ပိုးတွေ့ သံဃာတော်တွေကို သီးသန့်ခွဲခြားကာ အစားအသောက် ဆေးဝါးတွေနဲ့ လုံလောက်စွာ ပြုစုကုသပေးနေတယ်လို့ ဆိုပါတယ်။
ကိုဗစ်တတိယလှိုင်းကာလ စစ်ကိုင်းမြို့နယ်မှာ ဇွန်လတတိယအပတ်မှ ဇူလိုင် ၁၅ ရက်နေ့ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၂၂ဦး၊ သေဆုံးသူ ၁၂ဦးထိ ရှိပါတယ်။ ဇူလိုင် ၁၅ ရက် တစ်ရက်ထဲ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၉၀ ဦးရှိပြီး သေဆုံးသူ ၆ ဦးထိ ရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။
စစ်ကိုင်းမြို့နယ်ကို Stay at Home နေအိမ်တွင်း နေထိုင်ရေး အစီအစဉ်အဖြစ် ဇူလိုင် ၁၃ ရက်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။