လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော် အပါအဝင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဝန်ထမ်း အကြီးအမှူး ၉ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ပါတယ်။
ဒီကနေ့ ဇူလိုင် ၁၄ ရက်စွဲနဲ့ အဆိုပါ ကြေညာချက်ထဲမှာ အမြဲတမ်းအတွင်း ဝန်အပါအဝင် ထုတ်ပယ်လိုက်တဲ့ အကြီးအမှူးတွေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန လက်အောက် ဌာနခွဲအသီးသီးက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ရာထူးက ထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်က ထုတ်ပယ်တာ၊ ဝန်ထမ်း အိမ်ရာက နှင်ထုတ်တာ၊ ပြန်ဆပ်ရန်မလိုတဲ့ ၂ လစာချေးငွေတွေကို ပြန်လည်ပေးဆပ်ခိုင်းတာ စတဲ့လုပ်ရပ်တွေကို ကျူးလွန်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်သူတွေထဲမှာတော့ ဝန်ကြီးရုံးအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းစတဲ့ ဌာနအသီးသီးက အမြဲတမ်းအတွင်းဝန်၊ ဒု-အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒု-ညွှန်ကြားရေးမှူးချုပ်တွေစတဲ့ ရာထူးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်းကာလဟာ ၅ လခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့ စစ်ကောင်စီလက်နက်ကိုင်တွေကြား ပဋိပက္ခတွေနဲ့အတူ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာပါ။
မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေအနှံ့ မတရားစစ်အာဏာသိမ်းမှုကို လက်မခံကြတဲ့ ပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေခဲ့ကြတာဖြစ်ပြီး စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။