တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဇူလိုင် ၁၂ ညနေပိုင်းက ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီ နှစ်ခုပူးပေါင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဥ် စစ်ကောင်စီတပ်က ကားသုံးစီးနဲ့ လာရောက် အကြမ်းဖက်ဖြိုခွင်းခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ ချိန်ပြီး လိုက်ဖမ်းပေမဲ့ တစ်ယောက်မှ ဖမ်းမမိခဲ့ဘဲ ဆန္ဒပြသူတွေရဲ့ ဆိုင်ကယ်တွေနဲ့ အလံတွေကို လုယူသွားခဲ့ကြတယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က လုယူသွားတဲ့ ဆိုင်ကယ်ထဲမှာ သပိတ်ကော်မတီစာရွက်စာတမ်းတွေလည်း ပါသွားတယ်လို့ သိရပါတယ်။
အဲဒီမတိုင်ခင် နေ့လယ်ပိုင်းကလည်း သပိတ်ကော်မတီတွေ ပူးပေါင်းတိုင်ပင်ဖို့ လာတဲ့ ခေါင်းဆောင်တွေကို လူပြတ်တဲ့ တံတားပေါ်မှာ စစ်ကောင်စီတပ်က လိုက်လံပစ်ခတ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သေနတ်ကျည်ဆန် ဂျမ်းဖြစ်ပြီး မထွက်တာကြောင့် သပိတ်ခေါင်းဆောင်တွေ အန္တရာယ်ကင်းလွတ်မြောက်ခဲ့ကြပေမယ့် နေ့လယ်ပိုင်းသပိတ်ထွက်မဲ့ အစီအစဥ်ကိုတော့ နားလိုက်တယ်လို့ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ထားဝယ်မှာ ဇူလိုင် ၁၂ ကနေ ၁၉ အထိ တင်းကျပ်မယ့်ပုံရှိတယ်။ သပိတ်ထွက်ရင်လည်း စုရပ်နေရာ အနီးအနားတွေမှာ ကင်းပုန်းတွေ ချထားမှာပဲ။ စုရပ်တွေလည်း ကြိုသိနေနိုင်လို့ အခုလို သူတို့အပိုင်တွက်ပြီး ဖမ်းနိုင်ကြတာလို့ မြင်တယ်။ ဦးဆောင်သူတွေရဲ့ အချက်အလက်တွေကိုလည်း သိထားပီးသားဖြစ်လို့ အခုလိုလမ်းမှာတင် ပိတ်ဖမ်းလာတာ'' လို့ ပြောပါတယ်။
ထားဝယ်မြို့မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ပြီး လိုက်လံဖမ်းဆီးမှုတွေ ရှိပေမယ့် နေ့စဉ်ဆိုသလို စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။