ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ဆက်တိုက်မြင့်တက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မှာ အာဏာသိမ်းစစ်ကောင်စီက လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးနေရာမှာ လူစုလူဝေးနဲ့ လာရောက် ထုတ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အခွန်ဝင်ငွေရရှိမှု နည်းပါးနေတဲ့အချိန်မှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးပြီး အခွန်ရဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဇူလိုင် ၇ ရက်ကစပြီး သြဂုတ် ၁၈ ရက်အထိ ရုံးပိတ်ရက်ကလွဲပြီး လိုင်စင်ပြုလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ်။
မော်လမြိုင် ဒေသခံတွေကတော့ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်မှာ အခုလို လိုင်စင်ထုတ်ပေးနေတဲ့အပေါ် ပြစ်တင် ဝေဖန်နေကြပါတယ်။
မော်လမြိုင်မြို့နယ်ကို နေအိမ်အတွင်း နေထိုင်ဖို့ Stay at home သတ်မှတ်ထားတဲ့အချိန်မှာ အာဏာသိမ်း စစ်ကောင်စီက အခုလို လိုင်စင်ထုတ်ပေးနေတာဟာ သူတို့မှာ ဝင်ငွေမရှိကြောင်း ပြသနေသလို ကိုယ်ထုတ်ထားတဲ့ အမိန့်ကိုယ်တိုင် ချိုးဖောက်နေတာလို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇူလိုင် ၁၂ ရက်မှာတော့ မော်လမြိုင်ကညနရုံးမှာ လိုင်စင်လာရောက် ပြုလုပ်သူ ရာနဲ့ချီ ရှိနေသူပြီး စစ်ကောင်စီဘက် လိုင်စင်နှုန်းထား အရင်ထက် ပိုလျော့ပေးထားတယ်လို့ ဆိုပါတယ်။