အမျိုးသားညီညွတ်ရေးအစိုးရက အမည်စာရင်းတင်သွင်းခဲ့သူ ဦးတိုးအောင်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ဇူလိုင် ၁၀ ရက်နေ့မှာ အတည်ပြု ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ဒီကြေညာချက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကျင့်သုံးပြီး မတ် ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ခုလိုခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကတော့ ဧပြီ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ ကြားကာလ ညီညွတ်ရေးအစိုးရဖြစ်ကာ အစိုးရအဖွဲ့မှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေက ထင်ရှားသူတွေ ပါဝင်ပါတယ်။
အစိုးရအဖွဲ့ထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ တရားရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာန ၁၅ ခုကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၅ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။