ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စု ကျောက်ဆင်ကျေးရွာအနီးရှိ တောင်မှာ နွားရှာသွားတဲ့ အမျိုးသား ၂ ဦး ဇူလိုင် ၁၀ ရက်နေ့ မနက်က မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
မိုင်းပေါက်ကွဲခဲ့တာကြောင့် ၁ ဦးက ညာဘက်ခြေဒူးဆစ်အောက်ပြတ်ပြီး ဘယ်ခြေနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့ကာ၊ ကျန် ၁ ဦးကတော့ ညာဘက်မျက်စိ ထိခိုက်သွားပြီး လက်နဲ့ ခြေတွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ဦးကို ကမ်းထောင်းကြီးမြို့ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု တွေ လုပ်ဆောင်နေပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဒီနေ့ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ စီစဥ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုရန်နိုင်ဖြိုးက ပြောပါတယ်။
“သူတို့က နွားပျောက်သွားလို့ နွားရှာမယ်ဆိုပြီး မနက် ၉ နာရီခွဲလောက်မှာ သွားကြတယ်၊ ရွာရဲ့တောင်ဘက် ၂ ဖာလုံလောက်အကွာမှာရှိတဲ့ ပြိုင်းတောတောင်မှာ သွားရှာရင်းနဲ့ အရင်စစ်တပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြုပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲခဲ့တာပေါ့။”
တစ်ယောက်က ဘယ်ဘက်ခြေထောက် ဒူးခေါင်းအောက်ကပြတ်ပြီးတော့ ညာဘက်ခြေနဲ့ လက်တွေမှာ ဒဏ်ရာရသွားပြီး နောက် ၁ ယောက်မှာက ညာဘက်မျက်လုံးထိခိုက်ပြီးတော့ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာရသွားတယ်။
လက်ရှိ ခြေထောက်ပြတ်သွားတဲ့သူကို အောက်ဆီဂျင်ပေးထားရပြီး သူတို့ နှစ်ယောက်စလုံး ဒဏ်ရာပြင်းတဲ့အတွက် ဒီနေ့ စစ်တွေကိုပို့ဆောင်ဖို့ စီစဉ်နေကြပါတယ်။
ရခိုင်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ သေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၇၉ ဦးရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။