စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာပါဝင်နေကြတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာ၊ ဆရာမတွေထဲက ၁၆ ယောက် အလုပ်ပြန်ဝင်နေတယ်လို့ ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်က CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ ရာနှုန်းပြဇယားနဲ့အတူ ဖော်ပြထားခဲ့ကာ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ CDM မှာ ပါဝင်တဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၁၁၇ ယောက်ထိရှိခဲ့ပြီး CDM အောင်မြင်မှုရာခိုင်နှုန်း ၄၆ ဒသမ ၂ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုလက်ရှိ ဇူလိုင်လထဲမှာတော့ CDM မှာ ဆက်လက်ပါဝင်နေတဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀၁ ယောက်သာ ရှိတော့တာမို့ CDM အောင်မြင်မှုရာခိုင်နှုန်း ၃၉ ဒသမ ၉ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက ကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ CDM ပါဝင်မှုဟာ ၅၆ ဒသမ ၅ ရာခိုင် နှုန်းရှိခဲ့ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာတော့ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်း၊ ဒုပါမောက္ခချုပ်တွေ ဖြစ်ကြတဲ့ ဒေါက်တာနီလာမြင့်ထူး၊ ဒေါက်တာခင်သီတာငြိမ်း၊ ဒေါက်တာမြသန္တာတို့ အပါအဝင် သင်တန်းရေးရာ(ဌာနမှူး) ဦးသန်းစိုးဦးတို့ အားလုံးဟာ CDM လှုပ်ရှားမှုမှာ ရာနှုန်းပြည့် မပါဝင်ခဲ့ကြပါဘူး။
ဒါ့အပြင် စစ်ကောင်စီလက်ပါးစေ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က CDM လှုပ်ရှားမှုမှာ ပါဝင်ထားကြတဲ့ ဆရာ၊ ဆရာမတွေကို သက်ဆိုင်ရာဝန်ထမ်းအိမ်ရာတွေ အသီးသီးက နှင်ထုတ်နေကြပြီး တချို့သောဆရာ၊ ဆရာမတွေဟာ မိမိတို့အဆောင်ခန်း၊ ဝန်ထမ်း အိမ်ရာတွေမှာ သွားရောက် ပစ္စည်းသိမ်းဆည်းတာမျိုးကိုတောင် မပြုလုပ်နိုင်ကြဘဲ တခြားဒေသတခုခုမှာ အိမ်ငှားနေကြရတဲ့ ဆရာ၊ ဆရာမတွေလည်းရှိပါတယ်။
ဒါကြောင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ အမိတက္ကသိုလ်က တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေကို လည်း မေ့လျော့မသွားဖို့ အထူးလိုအပ်ကြောင်းနဲ့ တစုံတရာထောက်ပံ့ပေးလိုပါက ကျောင်းသားသမဂ္ဂဖေ့စ်ဘွတ်ခ်ကတဆင့် ဆက်သွယ်ထောက်ပံ့ပေးနိုင်ကြောင်း နှိုးဆော်ထားပါတယ်။