မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့အနီးမှာ အမြောက်တပ်က ဗိုလ်ကြီးတစ်ဦး ဇူလိုင် ၉ ရက် ည ၆ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အမှတ် ၃၁၇ အမြောက်တပ်က ဗိုလ်ကြီးတစ်ဦးဟာ လမိုင်းမြို့မှ တပ်သို့ အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် မော့ကနင်ရွာသစ် ရွာထိပ်နားအရောက်မှာ အမည်မသိ သေနတ်သမားက သေနတ်နဲ့ ၃ ချက်ပစ်သတ်သွားတာပါ။
အမြောက်တပ်က ဗိုလ်ကြီးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေဟာ လမိုင်းမြို့ပေါ်မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ရေးမြို့နယ် လမိုင်းမြို့နဲ့ ကော့ဒွတ်ကျေးရွာကားလမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် ညပိုင်းကလည်း အမည်မသိ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးလာသူ ၂ ဦး ကျည်ဆန် ၂ ချက်စီထိမှန်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးမှာ တက်ရောက်ကုသခံနေပါတယ်။