မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်မှာ ဇူလိုင် ၈ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၇ ဦးရှိလာပြီး ကူးစက်ခံရသူတွေလည်း များလာတာကြောင့် ဆေးရုံတွေမှာ လူနာနေရာ အခက်အခဲရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
သာစည်မြို့နယ်မှာ ၄ ဦး၊ မိတ္ထီလာမှာ ဆေးကုသမှုခံနေသူ ၂ ဦး၊ မလှိုင်မြို့နယ်မှာ ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ဆေးရုံတွေမှာ ကိုဗစ်လူနာတွေများလာလို့ နေရာအခက်အခဲရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ကုတင် ၅၀ ဆေးရုံတွေဖြစ်တဲ့ သာစည်၊ ဝမ်းတွင်းတို့မှာ ကိုဗစ်-၁၉ ရောဂါလူနာ သာစည်က ၉၉ ဦး ဝမ်းတွင်းက ၅၆ ဦး ဖြစ်နေတယ်။ လူနာထားရမယ့်နေရာ အခက်အခဲရှိတာပေါ့"။
သာစည်မှာ ကိုဗစ်လူနာ ၁၁၀ ရှိပြီး ရောဂါ ပျောက်လို့ ဆေးရုံက ဆင်းသွားသူ ၇ ဦးနဲ့ သေဆုံးသူ ၄ ဦး ရှိတာကြောင့် ဆေးရုံမှာ ဆေးကုသနေသူ ၉၉ ဦး ကျန်ရှိနေပါတယ်။
ဝမ်းတွင်းမြို့နယ်မှာ ကိုဗစ်လူနာ အယောက် ၇၀ ရှိပြီး ပျောက်ကင်းသွားလို့ ဆေးရုံကဆင်းသွားသူ ၄ ဦးရှိနေတာကြောင့် ဆေးကုသနေသူ ၅၆ ဦး ရှိနေပါတယ်။
မလှိုင်မြို့နယ်မှာ ကိုဗစ်- ၁၉ ပိုးတွေ့လူနာ အယောက် ၄၀ ရှိပြီး ၉ ဦးကတော့ ပျောက်ကင်းလို့ ဆေးရုံကဆင်းသွားခဲ့ပြီး သေဆုံးသူ ၁ ဦးရှိနေခဲ့တာကြောင့် ဆေးရုံမှာ အယောက် ၃၀ ဆက်လက် ဆေးကုသမှုခံယူနေပါတယ်။
မိတ္ထီလာမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိကာ ဆေးကုသနေသူ ၅၆ ဦးရှိနေပါတယ်။
မိတ္ထီလာခရိုင်တစ်ခုလုံးမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၂၇၇ ဦးရှိနေပါတယ်။