မွန်ပြည်နယ် မော်လမြိုင်ရဲ့ ရပ်ကွက်တချို့က လူစည်းကားရာ နေရာတွေမှာ ပျူစောထီး အဖွဲ့က ခြိမ်းခြောက်စာ ဗီနိုင်းတွေကို လိုက်ကပ်နေတယ်လို့ မြို့ခံဒေသခံတွေက ပြောပါတယ်။
ပျူစောထီးအဖွဲ့ရဲ့ ခြိမ်းခြောက်စာမှာတော့ မော်လမြိုင်မြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်မှုဆောင် ဦးစိုးဝင်းအောင်အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို ခြိမ်းခြောက်ထားတာပါ။
ဒီလူပုဂ္ဂိုလ် ၁၁ ဦးဟာ အဖျက်မှောင့်လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပျူစောထီးအဖွဲ့က စွပ်စွဲထားပြီး အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဒီလူပုဂ္ဂိုလ် ၁၁ ဦးကို အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုထားပါတယ်။
ပျူစောထီးအဖွဲ့ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်နွယ်စိုး နေအိမ်အတွင်း ဝင်ရောက်ပြီး ခြိမ်းခြောက်စာကပ်ခဲ့ပါသေးတယ်။