Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ဦးခေါင်း၊ ဝမ်းဗိုက်ထိမှန်သေဆုံးသူ ၃ ဦး အပါအဝင် ကျဆုံးပြည်သူ ၈၉၇ ဦးရှိလာ
DVB
·
July 8, 2021
Burmese-design-5-820x780

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လကျော်အကြာ စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၉၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၅၄၉ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၂၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၄၆ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးရှိ ထိုမာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု တပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဆန်စက်မှာ လက်သမားလုပ်နေတဲ့ ပေါက်ခုံရွာသား ဦးအေးမင်းဟာ ဦးခေါင်းကို ကျည်ထိမှန်ကာ ကျ ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညအချိန်ကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ရွာသစ်ကြီး ကျေး ရွာမှာ လယ်တောကနေ နွားလှည်းမောင်းပြန်လာတဲ့ အရပ်သားတယောက်ဖြစ်သူ ကိုဘဂျမ်းကို နွားလှည်းရပ်တန့်ပေးခြင်းမရှိဟုဆိုကာ ပစ်ခတ်ခဲ့တာကြောင့် နောက်ကျောကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှာတော့ ဇူလိုင် ၅ ရက်နေ့ မနက်က အရပ်သားတယောက်ဖြစ်သူ ဒေါ်သင်းသေးဟာ သားဖြစ်သူနဲ့အတူ ဆိုင်ကယ်စီး လာစဉ် အကြမ်းဖက်စစ်အုပ်စုတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ကာ နေရာတင်ပဲ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီလကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ခံထားရတဲ့ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် CJ တယောက်ဖြစ်တဲ့ ကိုချစ်မင်းလှိုင်ဟာ ဇူလိုင် ၆ ရက်က ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

တရက်တည်းမှာပဲ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့က ကဗျာဆရာ သွေးနေ (ခေါ်)ကိုနေလင်းထက်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ် ခံခဲ့ရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ် အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်း ကြားဖို့လည်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024