မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းက ဂေါက်ကွင်းအတွင်း ကျောက်မျက်တူးဖော်လိုသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ငွေကြေးတောင်းခံပြီး ခိုးတူးခွင့် ပြုနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီလို တူးဖော်ရာမှာ ယခင် ဗျူဟာမှူး လက်ထက်ကတည်းကဖြစ်ပြီး အခုလပိုင်းအတွင်း ဗျူဟာမှူး အပြောင်းအလဲ ဖြစ်သွားပေမယ့် ဆက်ကြေးပေးပြီး တူးဖော်နေကြဆဲလို့ သိရပါတယ်။
ငွေကြေးကောက်ခံတဲ့ ကိုယ်စားလှယ်လည်းရှိပြီး စစ်တပ်နဲ့ အဆိုပါ ကိုယ်စားလှယ်ဟာ ရရှိလာတဲ့ ငွေတွေကို ခွဲဝေယူကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ခံတစ်ဦးက “အခုချိန်မှာ ပြည်သူတွေအနေနဲ့က စစ်တပ်ကို တစ်လ တစ်လကို တစ်သိန်းခွဲ ဆက်ကြေးပေးပြီးတော့ အလုပ်လုပ်နေရတယ်။ ဒါပေမဲ့ တစ်သိန်းခွဲ ပေးလို့လည်း လွတ်လွတ်လပ်လပ် လုပ်ရလားဆိုတော့ မလုပ်ရဘူးခင်ဗျ၊ သူတို့တွေ ညပဲ လုပ်ခွင့်ရှိတာ၊ နေ့ပိုင်း လုပ်ခွင့်မရှိဘူး၊ ည ရှစ်နာရီကနေ မနက် ၄ နာရီအထိ လုပ်ခွင့်ရှိတယ်၊ မနက် မိုးလင်းပြီဆိုတာနဲ့ အကုန်လုံး အစဖျောက်ခိုင်းတယ်” လို့ ပြောပါတယ်။
နေ့ခင်းဘက်မှာ တူးဖော်ခွင့် မပြုတဲ့အပြင် ညဘက် ကျောက်တူးနေချိန်မှာလည်း သေနတ်ပစ်ဖောက်ပြီး မောင်းထုတ်ပါက ထွက်ပြေးကြရတယ်လို့ သိရပါတယ်။
ကျောက်တူးနေချိန် သေနတ်ပစ်တာ ခြောက်ကြိမ်ခန့် ရှိပြီလို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။
“ပြီးတော့ သူတို့ မောင်းတဲ့အချိန်မှာ ထွက်ပြေးရတယ်၊ သေနတ် တစ်ချက်ဖောက်ပြီဆို ထွက်ပြေးရတယ် အကုန်လုံးက၊ လုပ်နေကျ အလုပ်တွေကို ပစ်ထားပြီးတော့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လခွဲခန့် အချိန်ကတည်းက ရဲတွေနဲ့ရော စစ်တပ်နဲ့ပါ နီးစပ်သူ ၅ ဦးကို စတင် တူးဖော်ခွင့်ပေးခဲ့တာဖြစ်ပြီး ငွေကြေးကောက်ခံတာ တစ်လကျော် ခန့်ရှိပြီလို့လည်း သိရပါတယ်။
လတ်တလောမှာ ဆက်ကြေးပေးကာ ကျောက်တူးတဲ့အဖွဲ့ တစ်ရာလောက် ရှိလာပြီဖြစ်ပြီး ဂေါက်ကွင်းနေရာ အတော်များများ ကျောက်တွင်းတွေ ဖြစ်နေပြီလို့ သိရပါတယ်။
ပြည်သူပိုင် ဂေါက်ကွင်းအတွင်း ကျောက်မျက်တူးဖော်တာဟာ မိုးကုတ်မြို့ရဲ့ အလှအပကိုပါ ပျက်စီးစေတာကြောင့် အခုလို တူးဖော်ခွင့်ပြုထားတာကို တားဆီးစေချင်တယ်လို့ ပြည်သူတဦးက ပြောပါတယ်။
ဒါ့အပြင် အဆိုပါ နေရာမှာ ဆက်ကြေးမပေးဘဲ ဝင်တူးနေသူ ဆယ့်ငါးဦးလောက်ကိုလည်း ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ CJ