ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတဲ့လူနာတွေ နေ့စဉ်တိုးပွားနေတာကြောင့် ခုတင်တွေနေရာပြည့်သွားပြီး ထားစရာမရှိတော့ဘူးလို့ သိရပါတယ်။
မူဆယ်မှာ ဇွန်လကုန်ပိုင်းလောက်ကစ ဒီကနေ့မနက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၂၀၁ ဦးရှိသွားပြီး ခရိုင်ဆေးရုံကြီးက လူနာခုတင် ၂၀၀ ဆံ့ဆေးရုံဖြစ်တာကြောင့် နေရာအခက််အခဲဖြစ်နေရတာလို့ ကိုဗစ်-၁၉ အရေး ကူညီပေးနေတဲ့ နှလုံးလှလူမှုကူညီရေးအသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းဇော်က ဒီဗွီဘီကို ပြောပါတယ်။
“ပိုးတွေ့နှုန်းက တရက်ကို ၃၀ ကျော်လောက်တက်တယ်။ တနေ့ကဆို ၅၀ ထိတက်သွားတယ်ခင်ဗျ၊ အဲဒါကြောင့် ခရိုင်ဆေးရုံအသစ်ကြီးကတော့ ထားလို့မရတော့ဘူး ပြည့်သွားပြီ။ အဲဒါကြောင့် မူလဆေးရုံအဟောင်းမှာထားဖို့ အစီအစဉ်တော့ရှိပါတယ်၊ အဲဒီမှာတော့ မပြည့်သေးဘူး၊ ဒါပေမဲ့ နောက်ကို အဲဒီလို နေ့တိုင်းနေ့တိုင်း တိုးနေမယ်ဆိုခဲ့ရင် သက်ဆိုင်ရာလူကြီးတွေ ဘယ်လိုလုပ်မလဲတော့ ကျနော်တို့လည်း မသိဘူးဗျ။”
ပိုးကူးစက်ခံရသူအများစုမှာ နှာခေါင်းအနံ့မရလို့ လာစစ်ရာက ပိုးတွေ့တာဖြစ်ကြောင်း၊ လူနာတွေမှာ မူဆယ်မြို့ခံတွေရော၊ မုံးကိုး စတဲ့ နယ်စပ်မြို့နဲ့ ပြည်မကရောက်လာသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကိုဗစ်လူနာတွေကို ဆေးရုံကနေ အခမဲ့ကုသပေးနေပြီး အစားအသောက်ကိုတော့ အလှူရှင်တွေက အလျဉ်းသင့်သလို လာလှူသလို ခရိုင်အုပ်ချုပ်ရေးပိုင်းကလည်း ထောက်ပံ့ ပေးနေပါတယ်။
မူဆယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းကူညီနေတဲ့ ပရဟိတလူမှု ကူညီရေးအဖွဲ့ ၅ ဖွဲ့လောက်ရှိပြီး အဓိကလိုအပ်ချက်မှာ အောက်စီဂျင်ဘူးတွေဖြစ်တယ်လို့ နှလုံးလှ လူမှုကူညီရေးအသင်းက ပြောပါတယ်။
မူဆယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရလို့ သေဆုံးသူ ၂ ဦးရှိပြီး ဒီကနေ့ ဆေး စစ်ချက်အဖြေတွေတော့ ညနေ ၅ နာရီလောက်မှ သိရမှာ ဖြစ်ပါတယ်။