ထိုင်း-မြန်မာနယ်စပ် လူဦးရေးအများဆုံးနဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ဇူလိုင် ၅ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာတဦး စစ်ဆေးတွေ့ရှိတဲ့အတွက် စခန်းတွင်း ကျောင်းအားလုံး ၂ ပတ်ပိတ်လိုက်ပြီး အသွားအလာ ကန့်သတ်ထားလိုက်ပါတယ်။
Zone B 3 A မှာ နေထိုင်သူ အမျိုးသားတစ်ဦး နေထိုင်မကောင်းဖြစ်လို့ စခန်းထဲက ဆေးရုံမှာ ဆေးကုသမှု ခံယူရာက ကိုဗစ်-၁၉ ရောဂါကို စမ်းသပ်တွေ့ရှိတာပါ။
ဒါကြောင့် ထိုင်းအာဏာပိုင်တွေက စခန်းကို ချက်ချင်းလာပြီး အိမ်ပြင်မထွက်ကြဖို့နဲ့ စခန်းအပြင် ထွက်ခွာတာမျိုး မလုပ်နိုင်အောင် ပိုမိုတင်းကြပ်ထားသလို စခန်းအတွင်းမှာလည်း သွားလာမှုတွေ မများအောင် အစောင့်တွေချထားတယ်လို့ စခန်းဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။
အလားတူ ဒီလိုပိုးတွေ့ရှိတဲ့အတွက် စခန်းတွင်း ဇွန်လဆန်းက ပြန်လည်ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းကနေ ၁၀ တန်းထိ ကျောင်းအားလုံးကိုလည်း ဒီကနေ့ ဇူလိုင် ၆ ရက်နေ့ကနေ ၂ ပတ်ပိတ်ထားလိုက်တယ်လို့ ပြောပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့ထားတဲ့သူ ၁၂ ဦးကိုလည်း သီးသန့်ကွာရန်တင်း နေခိုင်းထားပြီး လူနာနဲ့ သူ့အမျိုးသမီးကတော့ ဆေးရုံတွင်းမှာပဲ ကုသမှုခံယူနေတယ်လို့ ပြောပါတယ်။
မယ်လဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးအကြိမ် ကူးစက်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တာ့ခရိုင် ထာ့းစောင်ယန်းမြို့နယ်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းကို ၁၉၈၄ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ၅ သောင်းခန့်နေထိုင်ပါတယ်။
ထိုင်းနိုင်ရှိ ဒုက္ခသည်စခန်းတွေအနက် အကြီးဆုံးဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ ကရင်တိုင်းရင်းသားတွေ နေထိုင်တာဖြစ်ပါတယ်။